ပွင့်ဖြူ ၂ မတ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးသို့ ပြည်တွင်းဘုရားဖူး ဧည့်သည်များ လာရောက်ဖူးမြော်မှု များပြားလျက်ရှိပြီး ယခုလို ရုံးပိတ်ရက်များတွင် တစ်နေ့လျှင် ကားအစီးရေ ၈၀ ခန့် လာရောက်ဖူးမြော် လျက်ရှိကြောင်း ဒေသခံပြည်သူ ဦးတင်ထွန်းထံမှ သိရသည်။
“ယခုရက်ပိုင်း စန္ဒကူးနံ့သာ ကျောင်းတော်ဘုရားကြီးကို ပြည်တွင်းဘုရားဖူး ဧည့်သည်တွေ တစ်ရက်ကို ကားအစီးရေ ၇၀၊ ၈၀ ခန့် လာရောက် ဖူးမြော်ကြပါတယ်။ ဘုရားဖူးဧည့်သည် အလာများတဲ့ နေ့တွေကတော့ ခါကြီးရက်ကြီးနဲ့ ရုံးပိတ်ရက်ရှည်တွေမှာ ပိုပြီးတော့ လာတာများပါတယ်။ ပွင့်လင်းရာသီရောက်ရှိလာဖြစ်လို့ ဘုရားဖူးဧည့်သည်တွေ အပန်းဖြေလို့ကောင်းတဲ့အချိန်လဲ ဖြစ်ပါတယ်။ စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးကို လာရောက်ဘုရားဖူးကြတဲ့ ဧည့်သည်အများစုက မြတ်စွာဘုရားရှင် ရဟန္တာ(၅၀ဝ)နဲ့ ကြွရောက် သီတင်းသုံးတော်မူတဲ့ သမိုင်းကြောင်းတွေကို လေ့လာကြပါတယ်။ ပြီးရင် ဘုရားကြီးအနီးမှာရှိတဲ့ ရှင်မဟာပုဏ္ဏမထေရ်မြတ်၏ သစ္စာ ဆေးတော်ကန်ကို သွားရောက်ပြီးတော့ သစ္စာကန်ကရေကို ဆေးဝါးအဖြစ် အဓိဌာန်ပြုပြီး မှီဝဲသုံးဆောင်ကြပါတယ်။ ဒါ့အပြင် ဘုရားကြီးအနီးမှာရှိတဲ့ စန္ဒကူးနံ့သာပင်တောထဲက ထူးကဲစွာ စန္ဒကူးနံ့သာထွက်ရှိတဲ့ တစ်ပင်တည်းသော စန္ဒကူးနံ့သာပင်ကြီးဟာလည်း ဘုရားပြည်သူများအတွက် လေ့လာစရာတစ်ခုပါပဲ၊ မြန်မာပြည်ရဲ့ သာသနာ့သမိုင်းဝင် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်လို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူတွေ လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဘုရားကြီးဂေါပကအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးကြည်စိုး က ပြောသည်။
“အမတို့က ရန်ကုန်ဘက်က လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ ယခုလို ပွင့်လင်းရာသီချိန်ဟာ မကွေးတိုင်းဒေသကြီး အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲ ကျင်းပနေတဲ့အချိန်ဖြစ်လို့ မိသားစုလိုက် ဘုရားဖူးထွက်လာကြတာပါ။ မန်းရွှေစက်တော်ရာ ဘုရားဖူးပြီးအပြန်မှာ ပွင့်ဖြူမြို့နယ်မှာရှိတဲ့ စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးကို ဖူးမြော်ချင်တာနဲ့ ရောက်အောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီဘုရားကြီးကို ဦးခိုက်ဖူးမြော်ရတာ အရမ်းကို စိတ်ကြည်နူးမိပါတယ်။ ဘုရားကြီးမှာရှိတဲ့ ဂေါပအဖွဲ့တွေက ဘုရားသမိုင်းကြောင်းကို ရှင်းပြတော့ ကျွန်မတို့နိုင်ငံမှာ မြတ်စွာဘုရားရှင် ကြွရောက်သီတင်းသုံးတော်မူတဲ့ ဘုရားကြီးဆိုတာသိရလို့ ဖူးမြော်လို့မဝ ဖြစ်ရပါတယ်။ ဘုရားကြီးရဲ့အနီးမှာရှိတဲ့ စန္ဒကူးနံ့သာပင်တောက တစ်ပင်တည်းထူးကဲစွာ စန္ဒကူးနံ့သာ ထွက်ရှိတာကိုလည်း အံ့ဩဖွယ်ရာ တွေ့မြင်ခဲ့ရပါတယ်။ နောက်နှစ်တွေမှာလဲ စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးကို လာရောက်ဖူးမြော်အုံးမှာပါ” ဟု ရန်ကုန်မြို့မှ ဒေါ်အေးအေးမြင့် က ပြောသည်။
အဆိုပါ ပသာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးသည် အလောင်းစည်သူမင်းကြီး၏ ကောင်းမှုတော်ဖြင့် တည်ထား ကိုးကွယ်တော်မူသည့် ဘုရားတစ်ဆူဖြစ်ပြီး ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအနီးတွင် တည်ရှိကာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ရဟန္တာ (၅၀ဝ)နှင့်အတူ (၇)ရက်သီတင်းသုံးတော်မူသည့် ထူးမြတ်လှသည့် သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူ ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


