သထုံ ၂ မတ်
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ သထုံမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စကားဝိုင်းဆွေးနွေးပွဲတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)မှ ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ်အကြောင်း၊ ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်နည်းများ၊ စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မိသားစုအတွင်း အလွယ်တကူ ကူးစက်နိုင်းခြင်းရှိ မရှိ၊ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သတ်၍ နိုင်ငံတော်မှ လက်ရှိဆောင်ရွက်နေမှုများ စသည့် သိလိုသည်များကို မေးမြန်းရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်၊ သထုံခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိနှင့် ခရိုင် ကျန်းမာရေးအရာရှိ ဦးစိုးအောင်တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ သထုံမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)မှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သက်ဦး(သထုံ)


