ရန်ကုန် ၂ မတ်
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမကြီး နှင့် ဒလမြို့နယ် ဗိုလ်မင်းရောင် လမ်းမကြီးတို့သို့ ဆက်သွယ် တည်ဆောက်လျက်ရှိသော ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ)မြစ်ကူးတံတား တည်ဆောက်နေမှု ဒလဘက်ခြမ်း၌ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်း(၉၀)ရာခိုင်နှုန်း နှင့် ရန်ကုန်ဘက်ခြမ်း၌ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်း (၈၅) ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန မှ သိရသည်။
“ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းအနေနဲ့ ဒလဘက်ခြမ်းက စုစုပေါင်း ဘိုးပိုင် ၁၁၇ လုံး မှာ ၁၃ လုံးပဲ ကျန်ရှိတော့တယ်၊ ၁၀၄ လုံးတူးပြီးသွားပြီး၊ ဘိုးပိုင်လုပ်ငန်းရဲ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်တယ်၊ ရန်ကုန်ဘက်ခြမ်းမှာ ချဉ်းကပ်တံတားက ၅၈ လုံး တူးဖော်ရမှာ ၈ လုံးပဲကျန်တော့တယ်၊ ဘိုးပိုင်လုပ်ငန်းရဲ့ ၈၅ ရာခိုင်နှုန်းပြီးစီးသွားပြီး၊ ပင်မတံတားအနေနဲ့ ရက်အနည်းငယ်အတွင်းမှာ ပင်မတံတားရဲ့ ဒလဘက်ခြမ်း ဘိုးပိုင်တူးခြင်းကို စတင်တူးဖော် ဆောင်ရွက်သွားမှာဖြစ်တယ်၊ မတ်လ အလယ်လောက်မှာ ရန်ကုန်ဘက်ခြမ်းရဲ့ ပင်မတံတား ဘိုးပိုင်စတင်တူးဖော်တဲ့လုပ်ငန်းကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို က ယနေ့ နံနက်က ပြောကြားခဲ့သည်။
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်း မြို့နယ်များရှိ ဒေသခံပြည်သူများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ၏ သွားလာရေး အဆင်ပြေချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုလျင်မြန်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်စေရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရေးအတွက် များစွာ အထောက်အကူပြုမည့် ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတား ကို အရှိန် အဟုန်မြင့် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ပင်မတံတား တည်ဆောက်မှုအနေဖြင့် ရန်ကုန်မြစ်အတွင်း ဒလဘက်ခြမ်း ပင်မတံတား ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများကို ယခုလ ပထမပတ်တွင် လည်းကောင်း၊ ရန်ကုန်ဘက်ခြမ်း ပင်မတံတား ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများကို မတ်လ အလယ်ပိုင်းတွင်လည်းကောင်း စတင်တူးဖော် သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းတစ်ခုလုံး၏ ၇ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြစ်အတွင်း ပင်မ တံတားတည်ဆောက်ရေးအတွက် ချဉ်းကပ်ယာယီတံတား တည်ဆောက်ခြင်း လုပ်ငန်းများကို CCECC Myanmar ကုမ္ပဏီမှ တည်ဆောက်ပြီးစီး၍ ပင်မတံတား ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းများကို မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရေလယ်ပင်မတံတား ဘိုးပိုင် တူးဖော်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ရာ တံတား စီမံကိန်းဧရိယာ မြစ်အတွင်း ရေလမ်းကြောင်းဖြင့် ဖြတ်သန်းသွားလာမည့် သင်္ဘောများနှင့် ရေယာဉ်များသည် သတ်မှတ်ထားသည့် ရေလမ်းကြောင်းအတိုင်းဖြင့် မီးနီ ၂ လုံး၊ မီးစိမ်း ၂ လုံးကြားမှ ဖြတ်သန်းမောင်းနှင်ရမည်ဖြစ်ပြီး ဗော်ယာကို ဒလဘက်ခြမ်းတွင် အနီ ၂ လုံး၊ အဝါ ၂ လုံး နှင့် ရန်ကုန်ဘက်ခြမ်းတွင် အစိမ်း ၂ လုံး၊ အဝါ ၂ လုံး ချထားသတ်မှတ်ထားကြောင်း သိရသည်။
ဒလတံတားစီမံကိန်းမှာ စုစုပေါင်း တံတားအရှည် ၁၈၆၇ မီတာ ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်းသွားတံတား၊ Bored Pile အုတ်မြစ်၊ သံကူကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်း တံတားဖြစ်ပြီး တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ မှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃ သန်း၊ မြန်မာအစိုးရမှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄ သန်း၊ စုစုပေါင်း ၁၈၈ ဒသမ ၁၇ သန်းဖြင့် တည်ဆောက် ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလတွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဆောင်ရွက်ပြီးစီးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။
ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားကြီး တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိ ဒေသခံပြည်သူများနှင့် တစ်ဆက်တည်းရှိ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ ကားလမ်းခရီးဖြင့် ရန်ကုန်မြို့တွင်းသို့ အချိန်တိုအတွင်း ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ရာ ဒေသထွက် ကုန်စည် စီးဆင်းမှုများ မြန်ဆန်လာမည်ဖြစ်ပြီး အဆိုပါဒေသများရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)


