ရွှေဘို ၂ မတ်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် (၉)နာရီက ရွှေဘိုမြို့ ထာဝရစာကြည့်တိုက်တွင် ကျင်းပပြုလုပ်သော ရွှေဘိုမြို့ မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် သက်မွေးပညာသင်တန်းကျောင်းအတွက် အလှူငွေကျပ်(၁၂၁၀)သိန်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်သည်။
ရှေးဉီးစွာ စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် မဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တ ဒေါက်တာ သောဘိတ IBEC-ဆရာတော်က လှူဒါန်းပေးအပ်ရခြင်းအကြောင်းကို မိန့်ကြားခဲ့ပြီး သင်တန်းကျောင်းအုပ်နှင့် တာဝန်ရှိသူများထံသို့ အလှူငွေ ကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး အလှူငွေပေးအပ်ပွဲကို ကျင်းပရာ အလှူရှင် ဦးခင်မောင်အေး(ဥက္ကဌ၊ CB Bank)+ ဒေါ်ဝင့်ရည်အေး(ဥက္ကဌ၊ KMA Foundaion) တို့မှ ရွှေဘိုမြို့ မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် သက်မွေးပညာ သင်တန်းကျောင်းအတွက် အလှူငွေကျပ်(၁၀၀၀)သိန်းကို လည်းကောင်း၊ တောင်သမန်သစ္စာကုမ္ပဏီ ဦးကျော်မြင့် မိသားစုနှင့် စိမ်းရတနာသိုက်ကုမ္ပဏီ ဦးကျော်ထွန်း မိသားစုတို့က အလှူငွေကျပ်(၁၀၀)သိန်းစီကို လည်းကောင်း အသီးသီးပေးအပ်ရာ သင်တန်းကျောင်းနာယကကြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ သင်တန်းကျောင်း ဥက္ကဌ ဉီးမောင်ကို နှင့် သင်တန်းကျောင်းအုပ်ကြီး ဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကာ သစ်ခေါက်ပန်းချီးကားများကိုလည်း အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသော အလှူရှင်များက အဆိုပါ ရွှေဘိုမြို့ မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေးဂေဟနှင့် သက်မွေးပညာသင်တန်းကျောင်းအတွင်းရှိ ကွန်ပျူတာခန်းမ၊ ပန်းချီပြခန်းတို့အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


