မန္တလေး   မတ်

 

မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ နောက်ကျော (အောက်ပိုင်း) "စမခံ"အက်ကွဲကြောင်း ဖြစ်ပေါ်ခြင်းအတွက် လက်ရှိအခြေအနေနှင့် ဆက်လက်စစ်ဆေးဆောင်ရွက်မည့် အစီအစဉ်အား ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်၁၁နာရီက မဟာမုနိဘုရားကြီး မိုးကောင်းဓမ္မာရုံ၌ ပြုလုပ်ရာ ဂေါပကအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ ဖိတ်ကြားထားသော သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

 

စည်းဝေး၁

 

အဆိုပါ ရှင်းလင်းပွဲတွင် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် ဂေါပကအဖွဲ့ဝင် ဦးဆန်း(ကြေးသွန်းပညာရှင်) တို့က မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ နောက်ကျော(အောက်ပိုင်း)တွင် "စမခံ"အက်ကွဲကြောင်း ဖြစ်ပေါ်ခြင်းနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြပြီး တာဝန်ရှိသူများ၊ ပညာရှင်များ အပါအဝင် မတ်လ၄ရက် မွန်းလွဲပိုင်းတွင် စစ်ဆေးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ဘုရားကြီးနှင့်ဆက်စပ်သည့် ဘက်စုံတိုးတက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ သန့်ရှင်းသာယာရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးမြောက်စေရန် ဆောင်ရွက်လျက်ရှိသော‌၊ ဆောင်ရွက်ပြီးဖြစ်သည့် ရွှေကလပ်တော်နှင့် ရွှေလင်ပန်းတော်ပြုပြင်ခြင်း၊ ရင်ပြင်တော် လေးကွက်လပ် စကျင်ကျောက်ပြားခင်းခြင်း၊ အင်္ဂါထောင့်ပတ်လမ်း စတီးစောင်းတန်း တည်ဆောက်ခြင်း၊ အင်္ဂါထောင့် ထေရီထေရာဆောင် ပတ်လည်မြက်စိုက်ခြင်း၊ တောင်စောင်းတန်းအရှေ့ဘက် အဆင့်မီ သန့်စင်ခန်းတည်ဆောက်ခြင်း၊ မဟာဗုဒ္ဓဝင်အနောက်ဘက် ရှင်ဥပဂုတ္တကန် တည်ဆောက်ခြင်း၊ ရှင်မာလဲစေတီတော်ရှေ့ ဓမ္မာရုံပြုပြင်ခြင်း၊ Tourist Information Center ၂ ခု တည်ဆောက်ခြင်း၊ ဒုတိယတိုက်တန်း (၈၁)လမ်းဆိုင်ခန်း ၂ ခန်း တည်ဆောက်ခြင်း၊ ဆောင်ရွက်ပြီး လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် ကျောင်းတော်ကြီးနှစ်ထပ်ကြား နံရံရွှေဇဝါယွန်းကား တပ်ဆင်ခြင်း၊ ဂန္ဓကုဋီအပြင် နံရံရွှေချကပ်လှူခြင်း၊ မြောက်စောင်းတန်းနှင့် အရှေ့စောင်းတန်းပြုပြင်ခြင်း၊ ဗောဓိပင် အလယ်စောင်းတန်းအသစ် တည်ဆောက်ခြင်း၊ မဟာဗုဒ္ဓဝင်ဗိမာန်တော် ပြုပြင်ခြင်း၊ ငါးကန် ပတ်လည်ပြုပြင်ခြင်းနှင့် ရေပန်းအလှတပ်ဆင်ခြင်း၊ ဦးဘသာ ခါးပြတ်တောင်ဘက်လမ်း ပြုပြင်ခြင်း၊ နာရီစင်ပန်းတန်းဆိုင်ခန်းများ အသစ်တည်ဆောက်ခြင်း၊ ကိုးခန်းဥယျာဉ်ပတ်လည် ပလက်ဖောင်း တည်ဆောက်ခြင်း၊ ခြင်းလုံးရုံအသစ်အနီး အဆင့်မီသန့်စင်ခန်း တည်ဆောက်ခြင်း၊ သာသနာ ၂၅၀၀ ဝင်း အဆင့်မီသန့်စင်ခန်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်းများကို ရှင်းလင်းတင်ပြခဲ့ပြီး အာနန္ဒာစောင်းတန်း ရှေးမူပုံစံ ပြန်လည်ပြုပြင်မွမ်းမံရန် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို တင်ပြပြီးနောက် တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)