တာချီလိတ် ၂ မတ်
၂၀၂၀ပြည်နှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် (၅၈)ကြိမ်မြောက်၊ တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ မြေအသုံးချရေး၊ သီးနှံကာကွယ်ရေးနှင့် မျိုးစေ့ဓာတ်ခွဲခန်းများကို ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓာတ်ခွဲခန်းများအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန(ကျိုင်းတုံ)မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယပြည်နယ် ဦးစီးမှူး ဦးလှဝင်း က အဖွင့်အမှာစကားပြောကြားပြီး၊ တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမိုးကျော်စွာဝင်း က ဓာတ်ခွဲခန်းများ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ တက်ရောက် လာသူများက ဓာတ်ခွဲခန်းများရှိ ဓာတ်ခွဲခန်းသုံး ပစ္စည်းများအား လှည့်လည်ကြည့်ရှုသည်။
အဆိုပါ ဓာတ်ခွဲခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ခြင်းဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် GAP လုပ်ငန်းများ၊ မျိုးစေ့ထုတ်လုပ်ငန်းများ၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ ထူထောင်ခြင်း လုပ်ငန်းများအပါအဝင် စားသုံးသူပြည်သူများ အာဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် လယ်ယာ ထုတ်သီးနှံများ စားသုံးနိုင်ရေး လုပ်ငန်းများကို များစွာအထောက်အကူ ပြုလာမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးလေး(တာချီလိတ်)


