ပုသိမ် ၂ မတ်
တောင်သူလယ်သမားနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာအုပ်စု၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်းက ဖတ်ကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က မြန်မာနိုင်ငံသည် လယ်ယာကဏ္ဍကို အားထားနေရသည့် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီကြီးဖြစ်သည်နှင့်အညီ မိုးစပါး၊ နွေစပါး စုစုပေါင်းစိုက်ဧက ၅၁ သိန်းကျော် စိုက်ပျိုး လျက်ရှိကြောင်း၊ အဓိကသီးနှံ စပါးအပြင် ပြည်ပပို့ကုန် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲမျိုးစုံ၊ ဆီထွက် သီးနှံ၊ စားဖိုဆောင်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံစသည့် အမယ်စုံသီးနှံများလည်း စိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကာ ဌာနဆိုင်ရာ အားလုံးတောင်သူလယ်သမားများနှင့် ပူးပေါင်းလက်တွဲပြီး စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရ ပြည့်ဝမှုနှင့် အစားစာဘေးအန္တရာယ် ကင်းရှင်းမှုတို့ တိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများ၏ အခွင့်အရေးများ ပြည့်ဝစွာ ရရှိခံစားနိုင်စေရန်နှင့် အကျိုးစီးပွား မြင့်မားလာစေရန် ဧရာဝတီတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည့် ထူးချွန်တောင်သူများနှင့် ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဓနုဖြူ၊ မအူပင်၊ ရေကြည်၊ ဒေးဒရဲနှင့် ကျောင်းကုန်းမြို့နယ်တို့မှ စွန့်လွှတ်မြေများ တောင်သူများလက်ဝယ်သို့ လုပ်ပိုင်ခွင့်ပြု လက်မှတ်များပေးအပ်ခြင်း အခမ်းအနားကိုကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများက တောင်သူများအား လုပ်ပိုင်ခွင့်ပြုလက်မှတ်များ ပေးအပ်သည်။
ထို့နောက် စွန့်လွှတ်မြေများ လုပ်ပိုင်ခွင့်ပြုလက်မှတ် လက်ခံရရှိသည့် တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လယ်မြေပေါ်တွင် ကောင်းကင်မျိုးစေ့ကြဲ ကိရိယာဖြင့် မျိုးစေ့ကြဲပက်ခြင်း၊ ကောင်းကင် ဆေးဖျန်းစက်ဖြင့် ဆေးဖျန်း ပြသခြင်းတို့ကို ကြည့်ရှုကြသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၉ခုနှစ် အကုန်အထိ ဧကပေါင်း (၈၉၉၂)ဧကအား တောင်သူများလက်ဝယ်သို့ ပြန်လည်လွှဲပြောင်း၍ လုပ်ပိုင်ခွင့်လက်မှတ် ပေးအပ်ခဲ့ပြီးဖြစ်ရာ ယနေ့ ကျင်းပသည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် တောင်သူ (၆၃၉)ဦးအတွက် (၂၉၆၅)ဧက အား လုပ်ပိုင်ခွင့်လက်မှတ် ပေးအပ်ခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး မြို့နယ် (၂၆) မြို့နယ်မှ တောင်သူ ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
သတင်း-သီသီမင်း၊မင်းသစ်၊
ဓာတ်ပုံ-နေလင်း


