ရန်ကုန်  ၃  မတ်

စပါးထည့်ချိန်နာရီဝက်၊ အခြောက်ခံ ချိန်နာရီဝက်ဖြင့် စပါး၊ ပဲ၊ ပြောင်းနှင့် သီးနှံမျိုးစုံကို တစ်နာရီလျှင် တန် ၃၀ ထုတ်လုပ်နိုင်သည့် မြန်မာပြည်မှ ကိုယ်ပိုင်တီထွင် ထုတ်လုပ်သော အခြောက်ခံစက်ကို ရန်ကုန်မြို့ သာကေတမြို့နယ် Fortune Plaza ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ လယ်ယာသုံး စက်ကိရိယာပြပွဲတွင် ဖွင့်လှစ်ပြသလျက်ရှိရာ ဆန်စက်ပိုင်ရှင်များနှင့် တောင်သူများ အထူးစိတ်ဝင်စားလျက်ရှိသည်။

 

aung thu

 

အခြားနိုင်ငံက လယ်ယာသုံး ပစ္စည်းတွေထက် ကိုယ့်နိုင်ငံကပစ္စည်းကို အသုံးပြုပြီးတောင်သူတွေအတွက် သေချာခိုင်မာတဲ့အရည်အသွေးကို ရစေလိုတဲ့ဆန္ဒနဲ့ တီထွင်ထုတ်လုပ်ဖြစ်တာပါ။ ဒါဟာ ပထမဆုံးအောင်မြင်မှုပါ။ ၂၀၁၉ ခုနှစ် မေလကစပြီး ထုတ်လုပ်ခဲ့တာ။ မြန်မာနိုင်ငံမှာ ပထမဆုံး တီထွင်ထုတ်လုပ်တဲ့ သီးနှံမျိုးစုံ အခြောက်ခံစက်ဆိုရင်လည်း မမှားပါဘူးဟု မုံရွာစက်မှုဇုန်မှ ကိုအောင်သူက ပြောသည်။

စိုက်ပျိုးရေးနိုင်ငံဖြစ်၍ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် စက်မှုကဏ္ဍ တီထွင်ဆန်းသစ်မှုဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို တိုးတက်အောင်မြင်စေမည်ဖြစ်ရာ မုံရွာစက်မှုဇုန်မှ မြန်မာပြည်တွင် ပထမဆုံး ပြည်တွင်းဖြစ် ထုတ်လုပ်လိုက်သော သီးနှံမျိုးစုံ အခြောက်ခံစက်အား ကြည့်ရှုလေ့လာသော တောင်သူတို့ဖြင့် လယ်ယာသုံးစက်ကိရိယာပြပွဲတွင် စည်ကားလျက်ရှိသည်။ ယနေ့တိုင် ပြည်ပနိုင်ငံများမှ လယ်ယာထွက်စက်ပစ္စည်းများ ဝယ်ယူအသုံး ပြုရလျက်ရှိရာ ပြုပြင်ရမည့်ကဏ္ဍတို့တွင် အခက်အခဲများစွာ ကြုံတွေ့ရသောကြောင့် ယခုလို ပြည်တွင်းစက်မှုဇုန်မှ တီထွင်ထုတ်လုပ်နိုင်မှုအပေါ် တောင်သူနှင့် ဆန်စက်ပိုင်ရှင်များ အားရကျေနပ်လျက်ရှိသည်။

အိမ်နီးချင်းနိုင်ငံကထုတ်တဲ့ သီးနှံအခြောက်ခံစက်နဲ့ ဈေးတူတယ်။ ဒါပေမယ့် စက်ပိုင်းဆိုင်ရာ ပစ္စည်းနဲ့ ပတ်သက်ရင် ဖုန်းဆက်ပြီး ပြင်လို့ရမယ်၊ မေးမြန်းလို့ရမယ်။ သိပ်အားရတယ်။ တောင်သူတွေအတွက် စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ စက်မှုပစ္စည်းတွေ များများတီထွင်ပါ။ ကျုပ်တို့တွေ ပြည်တွင်းဖြစ်ကို အားပေးဖို့ အဆင်သင့်ပဲ။ ဈေးနှုန်းမပြောဘူး။ အရည်အသွေးပိုင်းကို ထိန်းနိုင်ရင် ကျေနပ်တယ်ဟု မှော်ဘီမြောင်းတကာမှ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောသည်။

တစ်နာရီလျှင် တန် ၃ဝ ထုတ်လုပ်နိုင်ခြင်း၊ အပေါ်လွန်းလိန်နှင့် အောက်လွန်းလိန် အသုံးမပြုခြင်းကြောင့် စပါး အကျိုးအကြေ သက်သာစေပြီး လွန်းလိန်ပွန်းစားမှု လွန်းလိန်အသစ် လှယ်ရခြင်းကင်းဝေးခြင်း၊ LSU ပုံစံ အခြောက်ခံသော နည်းပညာကို အသုံးပြုကာ အမေရိကန် Louisiana State | University မှ ဒီဇိုင်းထုတ်ထားသည့် နည်းပညာဖြင့် အခြောက်ခံလွှာ သုံးလွှာအထိ အသုံးပြုထားခြင်း၊ ဖုန်မှုန့်ထိန်းချုပ်သော နည်းပညာနှင့် ပတ်ဝန်းကျင်တွင် အခြောက်ခံစက်မှ ထွက်ရှိသည့် အမှိုက်သရိုက်ဖုန်မှုန့်များ ထွက်ရှိမှု နည်းပါးသောကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးခြင်း၊ စပါးအစိုဓာတ်ပေါ်မူတည်၍ အပူချိန် အလိုအလျောက် ပြောင်းလဲနိုင်သော ကြောင့် ခြောက်သွေ့မှုမြန်ဆန်၍ အကျိုးအကြေမရှိဘဲ လေပူလေအေးစနစ် ထည့်သွင်းထားခြင်း၊ အလိုအလျောက် အခြောက်ခံစက်ကို ထိန်းချုပ်သောစနစ် ထည့်သွင်းထားခြင်း၊ အခြောက်ခံဇုန်အတွင်းရှိ သံမဏိများကို ၁ဝ နှစ်အထိ အာမခံအသုံးပြုနိုင်ခြင်း စသော အခြောက်ခံစက်၏ အားသာချက်များပါရှိကြောင်း သိရသည်။

သတင်း - သန်းထိုက်၊ ဓာတ်ပုံ- သန်းစိုး