၃ မတ်
ကာရာဘောင်ဖလားဗိုလ်လုပွဲစဉ်ကို မတ် ၁ ရက် ညပိုင်းက လန်ဒန်ရှိ ဝင်ဘလေ အားကစားကွင်းတွင် အက်စ်တွန်ဗီလာနှင့် မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက နှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိပြီး ကာရာဘောင်ဖလားကို သုံးနှစ်ဆက် ဆွတ်ခူးနိုင်ခဲ့သည်။
မန်စီးတီးအသင်းအတွက် ဂိုးများကို ပွဲကစားချိန် ၂၀ မိနစ်တွင် ဖိုဒန်၏ ဖန်တီးပေးမှုမှတစ်ဆင့် အဂူရိုက သွင်းယူပေးနိုင်ခဲ့သည်။ မန်စီးတီးအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် မိနစ် ၃၀ တွင် ဂန်ဒိုဂန် ၏ ဖန်တီးပေးမှုမှတစ်ဆင့် ဖာနန်ဒက်ဇ်က သွင်းယူပေးနိုင်ခဲ့သည်။ ဗီလာအသင်းအတွက် ချေပဂိုးကို ပွဲကစားချိန် ၄၁ မိနစ်တွင် ဂါဇီ၏ ဖန်တီးပေးမှုမှတစ်ဆင့် ဆမ်မတ်သာက သွင်းယူပေးနိုင်ခဲ့သည်။
ဗီလာနှင့် မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ကာရာဘောင်ဖလား ဗိုလ်လုပွဲကို ပရိသတ် ရှစ်သောင်းကျော် လာရောက်ကြည့်ရှုခဲ့သည်။
အက်စ်တွန်ဗီလာအသင်းသည် မင်းစ်၊ မက်တားဂက်၊ နာကမ်ဘာ၊ လူးဝစ်၊ ဂျက်ဂရီရယ်လစ်၊ အလ်ဂါဇီ၊ ဆမ်မတ်သာ တို့ကို အသုံးပြုကာ ၄-၂-၃-၁ ပုံစံဖြင့် ပွဲထွက်လာခဲ့သည်။ မန်စီးတီးအသင်းကလည်း အင်အား အတောင့်တင်းဆုံး ပုံစံကိုအသုံးပြုကာ ဂိုးသမားနေရာတွင် ဘရာဗို၊ ဂျွန်စတုန်း၊ ဖာနန်ဒင်ဟို၊ ဝေါ်ကာ၊ ရိုဒရီ၊ ဂန်ဒိုဂန်၊ ဖိုဒန်၊ စတားလင်း၊ အဂူရိုတို့ကို အသုံးပြု ကာ ၄-၃-၃ ပုံစံဖြင့် ပွဲထွက်လာခဲ့သည်။
ဒုတိယပိုင်းတွင် ဂိုးရရန်အတွက် နှစ်သင်းစလုံး လူစားလဲပြီး အရှိန်မြှင့်ခဲ့သော်လည်း မန်စီးတီးရော၊ ဗီလာအသင်းပါ ဂိုးများထပ်မရဘဲပထမပိုင်းရလဒ် အတိုင်းသာ ပြီးဆုံးခဲ့သည်။ မန်စီးတီးအသင်းသည် လီဗာပူးအသင်းပြီးနောက် ကာရာဘောင်ဖလားကို သုံးနှစ်ဆက်ရသည့် ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါဖလားကို အကြိမ်ရေအများဆုံးဖြင့် လေးနှစ်ဆက် ဆွတ်ခူးနိုင်သည့်အသင်းအဖြစ် လီဗာပူးအသင်းက မှတ်တမ်းတင်ထားသည်။
ထို့အပြင် ဖလားရရှိသည့် အရေအတွက်မှာလည်း လီဗာပူးအသင်းက ရှစ်ကြိမ် ရရှိပြီး မန်စီးတီးအသင်းက ခုနစ်ကြိမ်အထိ ရှိလာခဲ့သည်။ အက်စ်တွန်ဗီလာအသင်းက ငါးကြိမ်၊ မန်ယူအသင်းက ငါးကြိမ်၊ ချယ်လ်ဆီး အသင်းက ငါးကြိမ် အသီးသီးရရှိထားကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။
ယခုအခါ မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ကာရာဘောင်ဖလား သုံးကြိမ်၊ ပရီမီယာလိဂ်ဖလား နှစ်ကြိမ်၊ အက်ဖ်အေဖလား တစ်ကြိမ်နှင့် ကွန်မြူနတီဒိုင်း သုံးကြိမ်ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည်။
မန်စီးတီးအသင်းသည် ယခုနှစ်ရာသီတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးအသင်းနှင့် ၂၂ မှတ်အထိ ကွာဟနေသည့်အတွက် ပရီမီယာလိဂ်ဖလားကို လက်လွှတ်ရဖွယ်ရှိနေသည်။ အက်စ်တွန်ဗီလာအသင်းသည် လာမည့်ပွဲစဉ်အဖြစ် ပရီမီယာလိဂ်၌ မတ် ၁၀ ရက်တွင် လက်စတာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မန်စီးတီးအသင်းက မတ် ၅ ရက်တွင် အက်ဖ်အေဖလားပြိုင်ပွဲအဖြစ် ရှက်ဖီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အောင်ဇော်