၃ မတ်
စာရေးသူ တိုကျိုမြို့တော်သို့ ရောက်ရှိ လည်ပတ်နေသည်မှာ ခုနစ်ရက်ပြည့်ခဲ့ပြီ ဖြစ်သည်။ မနက်ဖြန် ရှစ်ရက်မြောက်နေ့တွင် တိုကျိုမြို့တော်အနီးရှိ ဂျပန်နိုင်ငံ၏ ဒုတိယ အကြီးမားဆုံးမြို့ဖြစ်သည့် ယိုကိုဟားမားသို့ သွားရောက်လည်ပတ်မည် ဖြစ်သည်။ ယိုကိုဟားမားသို့ မသွားမီလမ်းတွင် ကမာကူရ ဘုရားသို့ ဝင်ရောက်လည်ပတ်မည် ဖြစ်သည်။ သို့ဖြစ်ရာ တိုကျို-ကမာကူရ-ယိုကိုဟားမား ခရီးစဉ်ထပ်ဆွဲရသည်။ ကမာကူရသို့ သွားရောက်ခြင်းသည် အဓိကဘုရားဖူးခြင်းဖြစ်ရာ ဘုရားကြီးအားကြည်ညိုပြီးလျှင် ကမာကူရခရီးစဉ် ပြီးဆုံးပြီဖြစ်သည်။
သို့ဖြစ်ရာ တိုကျိုမှ မနက်ထွက်၊ ကမာကူရ ဘုရားဆီဝင်၊ ယိုကိုဟားမားဆက်သွားလျှင် နေ့တစ်ဝက်အတွင်း ယိုကိုဟားမားသို့ ရောက်ရှိမည် ဖြစ်သည်။ စာရေးသူက တိုကျို မှထွက်သည်နှင့် တစ်နေကုန်လမ်းမှာ ဝင်ရောက်လည်ပတ်လိုသည်။ ယိုကိုဟားမားသို့ ညနေပိုင်းမှ ရောက်လိုသည်။ ကမာကူရ ဘုရားအနီးတွင် လည်ပတ်စရာနေရာအချို့ ရှိသော်လည်း ထို့ထက် စိတ်ဝင်စားစရာကောင်းသည့် လမ်းခရီးတစ်လျှောက် မြို့ရွာများသို့ သွားရောက်လည်ပတ်လိုသည်။ အင်တာနက်မှာ ရှာကြည့်တော့ တိုကျို-ယိုကိုဟားမားအကြား ထင်ရှားသော လည်ပတ်စရာ နေရာနှစ်ခုရှိသည်။ ၎င်းတို့မှာ ကမာကူရဘုရားနှင့် အီနိုရှီးမားကျွန်းတို့ ဖြစ်သည်။
အီနိုရှီးမားကျွန်း (Enoshima)
အီနိုရှီးမားကျွန်းသည် ဂျပန်နိုင်ငံ ကာနာဂါဝါခရိုင် (Kanagawa Prefecture)ဖူဂျီဆာဝါမြို့ (Fujisawa)၊ ရှိုနန်ပင်လယ် ကမ်းခြေ (Shōnan coast) မလှမ်းမကမ်းတွင် တည်ရှိသော သုည ဒသမ ၁၄ စတုရန်း ကီလိုမီတာ (သုည ဒသမ ၁၆ စတုရန်းမိုင်) ကျယ်ဝန်းသော သာယာလှပသည့် ကျွန်းငယ် လေး တစ်ကျွန်းဖြစ်သည်။ အီနိုရှီးမားကျွန်း တည်ရှိရာ ဖူဂျီဆာဝါမြို့သည် သာယာလှပသော ပင်လယ်ကမ်းခြေမြို့တစ်မြို့ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာ (Pacific Ocean) ၏ ဆာဂါမိပင်လယ်အော် (Sagami Bay)တွင် တည်ရှိသည်။ မြို့နှင့်ကျွန်းကို ၃၈၉ မီတာ (၁၂၇၆ ပေ) အရှည်ရှိသည့် အီနိုရှီးမား ဘန်တန်ဘာရှီတံတား (Enoshima Bentenbashi Bridge) ဖြင့် ချိတ်ဆက်ထားသည်။ ရာသီဥတုကြည်လင်သော နေ့များတွင် တံတားပေါ်မှကြည့်လျှင် ပင်လယ်ရေပြင်ကို ဖြတ်ပြီး ဖူဂျီမီးတောင်ကို ကောင်းစွာမြင်တွေ့ရသည်။ အီနိုရှီးမားသည် တိုကျို၊ ယိုကိုဟားမားမြို့များနှင့် နီးကပ်သဖြင့် အဆိုပါ မြို့ကြီး များ၏ နွေရာသီပင်လယ် အပန်းဖြေကျွန်း အဖြစ်လည်း လူသိများသည်။
ကျွန်းပေါ်တွင် ထင်ရှားသောလည်ပတ် စရာနေရာများမှာ ကျွန်းတောင်ကုန်းမြင့် ပေါ်တွင်တည်ရှိသည့် ၅၅၂ ခုနှစ်တွင် တည်ဆောက်သည့် ပင်လယ်နတ်ဘုရား ဘန်ဇေတင်န် (sea deity Benzaiten) အား ရည်စူးသည့် အီနိုရှီးမားနတ်ကွန်း (Enoshi ma Shrine-Hetsunomiya)၊ ၁၈၈၀ ပြည့်နှစ်တွင် ဗြိတိသျှလူမျိုးကုန်သည် ဆမ်မြူရယ် ကော့ကင်း (Samuel Cocking) တည်ထောင် ခဲ့သည့် ဆမ်မြူရယ်ကော့ကင်း ရုက္ခဗေဒဥယျာဉ် (Samuel Cocking Garden)၊ အီနို ရှီးမားကျွန်း၏ အဓိကအမှတ်အသားတစ်ခုဖြစ်သည့် မီးပြတိုက်မျှော်စင် (Enoshima Sea Candle/ Enoshima Lighthouse Observation Tower) နှင့် ရာစုနှစ်ပေါင်း များစွာ လှိုင်းများတိုက်စားရာမှ ဖြစ်ပေါ်လာသော အီဝါယာဂူများ (Iwaya Caves) ဖြစ်သည်။ ထို့အပြင် အခြားနတ်ကွန်းငယ်များ၊ ပန်းခြံငယ်များ၊ ဘုရားကျောင်းစသဖြင့် လည်ပတ်စရာနေရာများလည်း ရှိပါသည်။ လာရောက်လည်ပတ်သူများ အဓိကသွားရောက်ကြသည့် နေရာများမှာ နတ်ကွန်း၊ ရုက္ခဗေဒ ဥယျာဉ်နှင့် မီးပြတိုက်မျှော်စင်တို့ ဖြစ်သည်ဟု သိရသည်။
ကိုယ်တွေ့ အီနိုရှီးမားကျွန်း
အီနိုရှီးမားကျွန်း အတွေ့အကြုံများ အကြောင်းမရေးသားမီ တိုကျိုမှ အီနိုရှီးမားသို့ မည်သို့ရောက်ရှိနိုင်သည်ကို ဦးစွာရေးသား လိုပါသည်။ စာရေးသူ တိုကျိုမှ အီနိုရှီးမားသို့ မသွားမီ တည်းခိုခန်းကောင်တာမှ ဝန်ထမ်း အမျိုးသမီးလေးတစ်ဦးနှင့် ခရီးစဉ်လမ်းကြောင်း တိုင်ပင်ရာ တိုကျိုမှ ကမာကူရသို့ တိုက်ရိုက် မသွားဘဲ လမ်းတွင် အီနိုရှီးမားကျွန်းသို့ ဝင်ရောက်လည်ပတ်နိုင်ကြောင်း၊ အီနိုရှီးမား သည် တိုကျိုမှ ကမာကူရသို့သွားသည့် ရထားလမ်းကြောင်းပေါ်တွင်ရှိကြောင်း၊ အီနိုရှီးမား ကျွန်းသို့ ဝင်ရောက်လည်ပတ်ပြီး ကမာကူရ ဘုရားသို့ ဆက်သွားပါက တစ်နေ့တည်း ဒေသတွင်း ထင်ရှားသည့်နေရာ နှစ်နေရာစလုံးသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ထို့နောက် ကမာ ကူရမှ ယိုကိုဟားမားသို့ ဆက်သွားနိုင်ကြောင်း၊ တစ်နေ့တည်းနှင့် အဆင်ပြေကြောင်း ပြောပါ သည်။ ဆိုရလျှင် အီနိုရှီးမားခရီးစဉ်သည် တိုကျိုမြို့ပြင် နယ်ဘူတာရုံများတွင် အပြောင်းအလဲ ပြုလုပ်ရမည်ဖြစ်ရာ အနည်းငယ်တော့ ရှုပ်ထွေးမှုရှိပါသည်။ စာရေးသူတွင်လည်း ကျောပိုးအိတ်၊ အဝတ်လက်ဆွဲအိတ်၊ စက္ကူ လက်ဆွဲအိတ်တို့ပါရှိရာ အနည်းငယ်စိတ်ရှုပ် ထွေးစရာဖြစ်ပါသည်။ သို့သော် ကမာကူရ ဘုရားမဖူးမီ ပင်လယ်ကမ်းခြေကျွန်းကလေး ဆီ သွားရောက်လိုစိတ်က မတားဆီးနိုင်ပြီ။
အဆိုပါ လမ်းညွှန်အတိုင်း စာရေးသူ ရထားဖြင့် ရှင်ဂျုကုမှ ဖူဂျီဆာဝါသို့ အိုဒါ့ကျူလိုင်းဖြင့် သွားခဲ့ရာ တစ်နာရီခန့်ကြာမြင့်ပြီး ရထားခ ၅၉၇ ယန်း ကျသင့်ပါသည်။ ဖူဂျီဆာဝါ ဘူတာတွင် ရထားပြောင်းစီးရသည်။ ဒီနေရာ မှာ နည်းနည်းရှုပ်ချင်ပါသည်။ အတိအကျဆိုရလျှင် ဖူဂျီဆာဝါဘူတာရုံမှာ နှစ်ရုံ ရှိသည်။ အိုဒါ့ ကျူ ဖူဂျီဆာဝါဘူတာရုံ (Odakyu Fujisawa Station) နှင့် အန်နိုဒင် ဖူဂျီဆာဝါဘူတာရုံ (Enoden Fujisawa Station) တို့ ဖြစ်သည်။
(ဘူတာရုံများတွင် အင်္ဂလိပ်လို Fujisawa Station ဟုသာ ဖော်ပြထားပါသည်။ မသေချာ ပါက မီးရထားဘူတာရုံ ဝန်ထမ်းများအား မေးမြန်းနိုင်ပါသည်) သို့ဖြစ်ရာ ဖူဂျီဆာဝါ ဘူတာရုံတွင် ရထားပြောင်းစီးရုံတင် မဟုတ်ဘဲ ဘူတာပါ ပြောင်းစီးရသည်။ (အိုဒါ့ကျူ) ဖူဂျီဆာဝါဘူတာရုံမှ (အန်နိုဒင်) ဖူဂျီဆာဝါ ဘူတာရုံသို့ သွားရသည်။ ဘူတာရုံနှစ်ခုမှာ ဟိုဘက်၊ ဒီဘက်သာဖြစ်ပြီး သုံး၊ လေးမိနစ် ခန့်သာ လမ်းလျှောက်ရပါသည်။ (အန်နိုဒင်) ဖူဂျီဆာဝါမှ အီနိုရှီးမားသို့ အန်နိုဒင်လိုင်းဖြင့် နောက်ထပ် ၁၅ မိနစ်ခန့်စီးရပြီး ရထားခ ယန်း ၂၂၀ ထပ်မံကျသင့်ပါသည်။ (အန်နိုဒင်) ဖူဂျီဆာဝါဘူတာမှ အီနိုရှီးမားဘူတာအထိ ဘူတာရုံ ခြောက်ခုရှိပြီး ၎င်းတို့မှာ Fujisawa Station၊ Ishigami Station၊ Yanagikoji Station၊ Kugenuma Station၊ Shonan-kaigan Koen Station နှင့် Enoshima Station တို့ ဖြစ်ကြပါသည်။ အီနိုရှီးမားဘူတာမှ နောက်ထပ်ခြောက်ဘူတာခန့် ဆက်စီးလျှင် ကမာကူရဘုရားအနီးရှိ ဟဆဲဘူတာ (Hase Station) သို့ ရောက်ရှိမည် ဖြစ်ပါသည်။

ဖူဂျီဆာဝါဘူတာမှ အီနိုရှီးမားဘူတာ သို့အသွား ရထားပေါ်မှမြင်တွေ့ရသော အတွေ့အကြုံများမှာ မမေ့နိုင်စရာပင် ဖြစ်ပါ သည်။ အီနိုရှီးမားနှင့် ကမာကူရ ဧရိယာများမှာ ပင်လယ်ကမ်းခြေဒေသများဖြစ်ပြီး ရှိုနန်ပင်လယ်ကမ်းခြေ ဧရိယာ (The Shonan area) အဖြစ် လူသိများသည်။ သို့ဖြစ်ရာ ဖူဂျီဆာဝါမှ အီနိုရှီးမားနှင့် အီနိုရှီးမားမှ ကမာကူရသို့ သွားသော လျှပ်စစ်ရထား (Enoshima Electric Railway/ Enoden Line) သည် ပင်လယ် ကမ်းခြေတစ်လျှောက်မှ ခုတ်မောင်းခြင်းဖြစ်ရာ လူသူ၊ တိုက်တာထူထပ်လှသော တိုကျိုမြို့ကြီး တွင် တစ်ပတ်ခန့်လည်ပတ်ပြီး ရုတ်တရက် ကျေးလက်၊ နယ်မြို့ရှုခင်းများနှင့် အဆုံးအစမဲ့ ပင်လယ်ကြီးကို ရထားပေါ်မှ ဘေး၊ ဘယ်-ညာ အနီးကပ်မြင်တွေ့ရသည့်အခါ တစ်ဘူတာဝင်၊ တစ်ဘူတာထွက် ရထားစီးနင်းလိုက်ပါရင်း စွန့်စားရသော ရုပ်ရှင်ကားတစ်ကား သို့မဟုတ် ရှေးကာလ ရုပ်ရှင်ကားတစ်ကားတွင် ကိုယ်တိုင် ပါဝင်သရုပ်ဆောင်နေရသကဲ့သို့ ခံစားစိတ်မျိုး ဖြစ်စေခဲ့သည်။ ခရီးသွားဝက်ဘ်ဆိုက်အချို့တွင် ထိုရထားစီးအတွေ့အကြုံကိုပင် အီနိုရှီးမား-ကမာကူရ ခရီးစဉ်၏ ဆွဲဆောင်မှု တစ်ရပ်အနေဖြင့် ထည့်သွင်းဖော်ပြကြသည်။
ဖူဂျီဆာဝါမှ အီနိုရှီးမား ရထားလမ်းတစ်လျှောက် မြို့ပြကျေးရွာရှုခင်းများ၊ ပင်လယ်များကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ရင်း ရထားသည် အီနိုရှီမားဘူတာရုံသို့ ချင်းနင်းဝင်ရောက်လာတော့သည်။ အီနိုရှီးမားဘူတာရုံရှိ ပစ္စည်းများထားသိုရာနေရာ (Locker Room)တွင် ပါလာသော ကျောပိုးအိတ်နှင့် လက်ဆွဲအိတ်များကို ထားရှိပြီးနောက် စာရေးသူသည် လွတ်လပ်ပေါ့ပါးစွာဖြင့် အီနိုရှီးမားကျွန်းသို့ လည်ပတ်ခြင်းကို စတင်ရန် အသင့်ဖြစ်နေခဲ့ပါပြီ။
ဘူတာရုံမှ ၁၀ မိနစ်ခန့် လမ်းလျှောက်လျှင် ကျွန်းကလေးဆီသို့ ရောက်ရှိမည်ဖြစ်သည်။ အီနိုရှီးမားကျွန်းသည် ဖူဂျီဆာဝါမြို့၏ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိသည်ဖြစ်ရာ ကျွန်းနှင့်မြို့ကို ရှည်လျားသော ကွန်ကရစ်တံတားတစ်ခုဖြင့် ချိတ်ဆက်ထားသည်ကို အဝေးမှပင် မြင်တွေ့နေရသည်။ စာရေးသူ ကျွန်းကလေးဆီသို့ တိုက်ရိုက်မသွားဘဲ ကမ်းခြေအနီးရှိ ပန်းခြံသို့ ဝင်ရောက်ကာ ပန်းခြံနှင့် မလှမ်းမကမ်းတွင် ရှိသော ငါးထုတ်လုပ်ရေးစက်ရုံ ဂိုဒေါင်တစ်ခုသို့ သွားရောက်လေ့လာခဲ့သည်။ ဂိုဒေါင်အပြင် မှပင် ဂိုဒေါင်အနီးရှိ ငါးဖမ်းသင်္ဘောများ၊ ဂိုဒေါင်အတွင်း အလုပ်သမားများ ငါးပုံးများနှင့် လှုပ်ရှားလုပ်ဆောင်နေမှုများကို လေ့လာ ကြည့်ရှုခဲ့သည်။ ထို့နောက် ဂိုဒေါင်တည်ရှိရာ ကမ်းခြေဘက်ခြမ်းမှ သန့်ရှင်းလတ်ဆတ်သော ပင်လယ်လေများ ရှူရှိုက်ရင်း အီနိုရှီးမားကျွန်း တစ်ခုလုံးအား ပင်လယ်နောက်ခံနှင့် စိတ်တိုင်းကျ ကြည့်ရှုပြီးနောက် ပန်းခြံကိုဖြတ်လျက် ဘန်တန်ဘာရှီတံတားပေါ်မှတစ်ဆင့် ကျွန်းကလေးဆီ သွားရောက်ခဲ့သည်။
တံတားပေါ် လမ်းလျှောက်ရင်း ရာသီဥတုမှာ အတန်ငယ်ကြည်လင်နေသဖြင့် ပင်လယ်ရေပြင်ကိုဖြတ်ပြီး အဝေးတိမ်တောင်၊ တိမ်တိုက်များအကြားမှ အပေါ်ပိုင်း ငွေနှင်းဖြူများ လွှမ်းခြုံထားသော ဖူဂျီမီးတောင်ကို တွေ့မြင်ခဲ့ရသည်။ မနေ့ကပင် ဖူဂျီမီးတောင်သို့ သွားရောက်ခဲ့သည်ဖြစ်ရာ ယခုလို နောက်တစ်နေ့ ဖူဂျီမီးတောင်ကို ပင်လယ်နောက်ခံဖြင့် အဝေးမှထပ်မံမြင်တွေ့ရသည်မှာ ကြည်နူးဖို့ကောင်းလှပါသည်။ တံတားအဆုံးတွင် အီနိုရှီးမားကျွန်းအဝင် အမှတ်အသားဖြစ်သည့် အတန်အသင့်ကြီးမားလှသော အစိမ်းရောင်ကြေးနတ်ကွန်း အဝင်ဂိတ် (Bronze Torii Gate) အား တွေ့မြင်ရမည်ဖြစ်ပြီး ဂိတ်ကြီးအား ကျော်လွန် လာလျှင် လက်ဆောင်ပစ္စည်းများ အဓိကရောင်းချသော ဈေးဆိုင်အများအပြားရှိသော လမ်းကျဉ်း (Benzaiten Nakamise Street) လေးရှိပါသည်။ ထိုလမ်းအဆုံးတွင် ကျွန်း၏ အဓိကနတ်ကွန်းဖြစ်သော အီနိုရှီးမား နတ်ကွန်း၏ လိမ္မော်ရောင်အဝင်ဂိတ် ရှိပါသည်။ နတ်ကွန်း၏ အဝင်ဂိတ်မှ နတ်ကွန်းဆီသို့ လှေကားထစ်ပေါင်းများစွာ တက်ရပြီး အဆိုပါ လှေကားထစ်များအပေါ်မှ နောက်ဘက်ရှိ ဈေးလမ်းကျဉ်းကလေးအား နောက်ပြန်လှည့်ကြည့်လျှင် ဈေးလမ်းတစ်ခုလုံးကို မြို့နောက်ခံဖြင့် စီးမိုးမြင်တွေ့ရမည် ဖြစ်သည်။ နတ်ကွန်းအတွင်း ဖူဂျီဆာဝါမြို့အား အပေါ်စီးမှ ရှုမြင်နိုင်သော ရှုခင်းကြည့် နေရာနှစ်နေရာရှိပြီး ထိုနေရာများမှ ကြည့်လျှင် ကျွန်းတစ်ဖက်ထိပ်အစွန်းရှိ အဖြူရောင်မီးပြတိုက်ငယ် (Shonan Port Lighthouse) နှင့် ကျွန်းပေါ်ရှိ ဂျပန်နိုင်ငံတွင် ကျင်းပမည့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲ ရွက်လှေ အားကစား ပြိုင်ပွဲပြုလုပ်မည့် အီနိုရှီးမား ရွက်လှေဆိပ် (Enoshima Yacht Harbor) ကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။
နတ်ကွန်းအထိမှာ ဝင်ကြေးပေးရန် မလိုသော်လည်း ကျွန်းအတွင်းပိုင်း ရုက္ခဗေဒဥယျာဉ်နှင့် မီးပြတိုက်မျှော်စင်တို့ဆီသို့ သွားရောက်လိုပါက ဝင်ကြေးပေးရပါသည်။
ရုက္ခဗေဒဥယျာဉ်သို့ဝင်ကြေးမှာ ယန်း ၂၀ဝ ဖြစ်ပြီး မီးပြတိုက်မျှော်စင်ဝင်ကြေးမှာ ယန်း ၅၀ဝ ဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင် မည်သည့် နေရာသွားသွား ပန်းများကို မကြာခဏ မြင်တွေ့နေရသည်ဖြစ်ရာ အဆိုပါ ပန်းဥယျာဉ်မှာ သာမန်အခြေအနေသာ ဖြစ်ပါသည်။ စိတ်ဝင်စားဖို့ကောင်းသည်မှာ မီးပြတိုက် ဖြစ်ပါသည်။ သံမဏိတိုင်ကြီးများ ပတ်လည်ကာရံထားပြီး အတွင်းမျှော်စင် အဆောက်အဦအား ဘေးပတ်လည်မှ လက်ရန်းပါသော သံလှေကားများဖြင့် ရစ်ခွေထားသည့် ပုံသဏ္ဌာန်ဖြစ်ပါသည်။ အမြင့် မီတာ ၆၀ (၁၉၂ ဒသမ၂ ပေ) ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၁၉ ဒသမ ၆ မီတာ (၃၉၂ ဒသမ ၄ ပေ) တွင် တည်ရှိပါ သည်။ မျှော်စင်အပေါ် ရှုခင်းကြည့်ဆောင် မှန်ခန်းပတ်လည်မှ ကြည့်လျှင် ပစိဖိတ် သမုဒ္ဒရာကြီးအား အနီးဝန်းကျင်ကျွန်းများ နှင့်အတူ မျက်စိတစ်ဆုံးမြင်တွေ့ရမည် ဖြစ်ပြီး ရာသီဥတုသာယာချိန်များတွင် ဖူဂျီ မီးတောင်နှင့် တိုကျိုမြို့တော်၏ အမြင့်ဆုံး မျှော်စင်အဆောက်အဦများဖြစ်သော တိုကျိုတာဝါနှင့် တိုကျိုစကိုင်းထရီးတာဝါတို့ကိုလည်း မြင်တွေ့နိုင်ပါသည်။ စာရေးသူရောက်ရှိ ချိန်တွင်ပင် ရာသီဥတုအသင့်အတင့် သာယာနေခဲ့သည်ဖြစ်ရာ မီးပြတိုက်ပေါ်မှ ဖူဂျီမီးတောင်နှင့် တိုကျိုတာဝါများကို တိုကျိုမြို့တော်ကြီး၏ အထပ်မြင့်အဆောက်အဦ များအကြား မှုန်ပျပျနောက်ခံဖြင့် မြင်တွေ့ခဲ့ရသည်။ စာရေးသူ မျှော်စင်သို့ အတက်တွင် ဓာတ်လှေကားဖြင့်တက်ခဲ့ပြီး အဆင်းတွင်သံ ကြောင်လိမ် လှေကားမှတစ်ဆင့် ဆင်းခဲ့သည်။
အီနိုရှီးမားကျွန်းမှအပြန် ရထားဘူတာ ရုံအနီးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် နေ့လယ်စာငါးအစိမ်းနှင့် ထမင်း (Sashimi) ဝင်ရောက်စားသုံးခဲ့ရာ ယန်း ၁၁၀ဝ ပေးရပြီး အီနိုရှီးမားငါးမှာ အထူးပင်အရသာရှိလှပါ သည်။ ထို့နောက် အီနိုရှီးမားဘူတာမှ ကမာကူရဘုရားနှင့် အနီးဆုံးဘူတာဖြစ်သော ဟဆဲဘူတာရုံသို့ ရထားဖြင့် ဆက်လက်ထွက်ခွာခဲ့ပါသည်။ ။
အောင်အောင် IR