ပွင့်ဖြူ ၃  မတ်

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ အာဖရိက ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် မွေးမြူရေးလုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

85625

 

ဆွေးနွေးဟောပြောရာတွင် ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ သန့်ဇော်ထွေးက အာဖရိက ဝက်အပြင်းဖျားရောဂါသည် ဝက်များတွင် အသက်အရွယ်မရွေး ကူးစက်ဖြစ်ပွားနိုင်သော ရောဂါမျိုးဖြစ်ကြောင်း၊ ရောဂါလက္ခဏာများအနေဖြင့် အပြင်းဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊ ထိုင်းမှိုင်းလာခြင်း၊ အော့အန်ခြင်း၊ သွေးအရောင်ကဲ့သို့ ဝမ်းသွားခြင်း၊ အရေပြားပေါ်တွင် အနီကွက်များ ထွက်ပေါ်လာခြင်း၊ အသက်ရှူပုံ မူမမှန်ခြင်း၊ မျက်လုံးနှင့် နှာခေါင်းတို့မှ အရည်များထွက်ခြင်း စသည့် ရောဂါလက္ခဏာများဖြစ်ပွားကာ သေဆုံးမှု ဖြစ်ပွားလျက်ရှိပြီး အဆိုပါ အာဖရိက ဝက်အပြင်းဖျားရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင် ကာကွယ်ဆေးများ ထိုးနှံထားကြစေလိုကြောင်း၊ မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြု ဆောင်ရွက်ကြစေလိုကြောင်းနှင့် မိမိတို့မွေးမြူထားသည့် ဝက်များတွင် သံသယရောဂါလက္ခဏာ ဖြစ်ပွားပါက မိမိတို့ဌာနအား ချက်ချင်းသတင်းပေးပို့စေလိုကြောင်း ဆွေးနွေးဟောပြောသည်။

 

ထို့နောက် တက်ရောက်လာသူများက အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်မှု အန္တရာယ် ကင်းဝေးစေရေး ကြိုတင်ကာကွယ်ရန် နည်းလမ်းများနှင့် အခြေခံဝက်မွေးမြူရေးဆိုင်ရာ နည်းစနစ်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကာ ဝန်ထမ်းများက အာဖရိက ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

 

ဆွေးနွေးဟောပြောပွဲသို့ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ မွေးမြူရေး လုပ်ငန်းရှင်များနှင့် ဝက်မွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသည့် ဒေသခံတောင်သူများ စုစုပေါင်း ၅၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)