နေပြည်တော် ၃ မတ်
ပြည်တောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ငလိုက်ချောင်းတံတား ဆောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် တံတားကို တာဝန်ခံဆောက်လုပ်သည့် ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ ဆောက်လုပ်ရေး စီမံကိန်းတာဝန်ခံ ဦးစိန်ဝင်းက တံတားဆိုင်ရာအချက်အလက်များ၊ တံတားပြီးစီးမှု အခြေအနေများ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းနှင့် ရှေ့ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အရှည် ၃၄၅ ပေ၊ အကျယ် ၆၂ ပေ၊ ၄ လက်မ၊ ယာဉ်သွားလမ်း ၅၀ ပေ၊ ၄ လက်မ၊ လူသွားလမ်းခြောက်ပေရှိ အပေါ်ထည် သံကူကွန်ကရစ်ယက်မနှင့် သံမဏိ သံပေါင်းယက်မ (R.C Girder & Plate Girder) လေးလမ်းသွားတံတား ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ရန်နှင့် သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင် ဆောက်လုပ် သွားကြရန် မှာကြားခဲ့သည်။
စိုးမိုး(ပြန်/ဆက်)


