မိတ္ထီလာ  ၃  မတ်

 

မိတ္ထီလာမြို့နယ် မွေကျေးရွာအုပ်စု ထန်းတောကျေးရွာမှ မေမြို့ပန်းစိုက်တောင်သူများ ပန်းဈေးကွက် ကောင်း၍  အကျိုးအမြတ် ရရှိသဖြင့် လုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

 “ကျွန်တော်တို့ ထန်းတောကျေးရွာမှ အိမ်ထောင်စု တစ်ရာကျော်ရှိပြီး အိမ်ထောင်စု ခြောက်ဆယ် လောက်က မေမြို့ပန်းစိုက်ပြီး မိသားစုဝင်ငွေရရှိရအောင် ဆောင်ရွက်လျက်ရှိတာပါ။ ဒီနှစ် မေမြို့ ပန်းဈေးကွက်ကောင်းတဲ့အတွက် အကျိုးအမြတ်ရရှိပြီး အဆင်ပြေကြပါတယ်။  အခုလိုမျိုး ဈေးကွက်ကောင်းတဲ့နှစ်ဆို မေမြို့ပန်းစိုက်တဲ့လုပ်ငန်းကနေ သိန်း ၂ဝ ကျပ်မှ ၂၅ သိန်း ကျပ်အထိ ဝင်ငွေရရှိပါတယ်။ ဈေးကွက်မကောင်းတဲ့ နှစ်မျိုးဆိုရင်တော့ ၁ဝ သိန်းကျပ်မှ ၁၅ သိန်းကျပ်လောက်ပဲ ဝင်ငွေရရှိပါတယ်။ မေမြို့ပန်းကို ရွာအထိလာဝယ်တဲ့ ဖောက်သည်ဆို လေးပင် ငါးပင် တစ်စီးကို ၂ဝဝ ကျပ် နဲ့ရောင်းချပြီး မြို့ပေါ်ဈေးကွက်မှာဆို နှစ်ပင် သုံးပင်လောက်ကို ၂ဝဝ ကျပ်နဲ့ ရောင်းချရပါတယ်။ ဈေးကွက်မကောင်းတဲ့နှစ်ဆို အဲဒီလိုတစ်စီးကို  ၁၅ဝ ကျပ် ၊ ၁၈ဝ ကျပ်ပဲရောင်းချရပါတယ်၊ ကျွန်တော်တို့ဒေသထွက် မေမြို့ပန်းတွေကို မိတ္ထီလာမြို့ပေါ် ဈေးကွက်ကို တင်ပို့ရောင်းချရသလို ကျေးရွာအထိဆင်းပြီး လာရောက်ဝယ်ယူတာမျိုးတွေလည်း ရှိပါတယ် ဟု     ထန်းတောကျေးရွာမှ မေမြို့ပန်းစိုက်တောင်သူ ကိုမြင့်ခိုင်က ပြောသည်။

 

တခြားဒေသမှ   ရောင်စုံဘုရားပန်းများနှင့် ဂန္ဓာမာပန်းများ ဈေးကွက်သို့ ရောက်ရှိလာချိန်တွင် မိတ္ထီလာ ဒေသခံများ စိုက်ပျိုးရောင်းချသည့် မေမြို့ပန်းဈေးကွက်မှာ အရောင်းအဝယ်အေး၍ ဈေးကျလေ့ရှိပြီး ဈေးကွက်မကောင်းချိန်နှင့် ရာသီဥတု မမှန်မှုကြောင့်     မေမြို့ပန်းစိုက်တောင်သူများ အရှုံးပေါ်သည့်  နှစ်များလည်းရှိကြောင်း သိရသည်။

 

မိတ္ထီလာတွင် မေမြို့ပန်းကို ရှမ်းတဲ၊ ရွာသာအေး၊ မွေ၊ ထန်းတော စသည့် ကျေးရွာများတွင် ဒေသခံ တောင်သူများအနေဖြင့် အခြားစိုက်သီးနှံများနှင့်အတူ ဝင်ငွေရစိုက်ပျိုးပင်အဖြစ် ဈေးကွက်သို့ တင်ပို့ရောင်းချရန် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)