ညောင်တုန်း ၃ မတ်

 

၂ဝ၂ဝ ခုနှစ်၊ မတ်လ (၁၁) ရက်၌ စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ညောင်တုန်း မြို့နယ်စာစစ်ဌာန ဆယ်ခုမှ ကျောင်းတွင်းဖြေနှင့် ပြင်ပဖြေ ကျောင်းသား/ ကျောင်းသူစုစုပေါင်း ၄၁၉၂ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ပြင်ပဖြေ ကျောင်းသား/ကျောင်းသူပေါင်း ၇၇၃ ဦးလည်း ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်။ ယခုနှစ်တွင် ရပ်ဝေးကျောင်းသား /ကျောင်းသူများအတွက် လမ်းပန်းဆက်သွယ် သွားလာရေး အဆင်ပြေစေရေး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အထက (ကြက်တူရွေးတောင်)၊ အထက (ပါလှဲ့အောက်စု) စာစစ်ဌာနနှစ်ခုကို စာစစ်ဌာန အသစ်အဖြစ် ဖြေဆိုခွင့်ပြုထားကြောင်း သိရသည်။

 

ညောင်တုန်းမြို့နယ်တွင် စာစစ်ဌာန ဆယ်ခုဖွင့်လှစ်ထားပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ဘာသာရပ်အတွဲ (၁) တွင် ၁၂၇၇ ဦး၊ အတွဲ (၂) တွင် ၁၉၄၃ ဦး၊ အတွဲ (၇) တွင် ၁၉၉ ဦးနှင့် စုစုပေါင်း ၃၄၁၉ ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်။

 

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ရက်များမှစ၍ ကျောင်းသား/ ကျောင်းသူများအား စာဖြေဆိုခွင့် ဝင်ခွင့်ကတ်ပြားများလည်း ထုတ်ယူနိုင်ကြောင်း အသိပေး ကြေညာခြင်းများ ပြုလုပ်ပေးထားသည်။

 

ထို့ပြင့် ၂ဝ၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ကြီးကြပ်ရေးမှူး၊ လက်ထောက် ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များအား ကြီးကြပ်ရေးမှူးများမှ စာစစ်ဌာနအလိုက် ရှင်းလင်းခြင်းများ ဆောင်ရွက်မည် ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာဖြေဆိုနိုင်ရေးအတွက် ကျောင်းဝန်းလုံခြုံရေး၊ မီးဘေးစီမံချက်များ ရေးဆွဲပြီး၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ တက္ကသိုလ်ဝင် စာမေးပွဲအား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထွန်းကျော်(ညောင်တုန်း)