ရန်ကုန် ၃ မတ် 

မြို့တော်သာယာလှပရေးနှင့် ရေရှည်တည်တံ့သော အဆောက်အဦများအကြောင်း ဟောပြောဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရှိ Chatrium Hotel ၌ ကျင်းပသည်။

 

1420

 

ဟောပြောဆွေးနွေးပွဲတွင်  ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ စီးပွားရေး၊ လူနေမှုအဆင့်အတန်း၊ ခေတ်မီတိုးတက်သော အဆောက်အဦများစသဖြင့် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်ကြောင်း၊ ခေတ်မီတိုးတက်သော အဆောက်အဦများတည်ဆောက်ရာတွင် တိုးတက်လာသော ဗိသုကာပညာရပ်များ၊ ကြံ့ခိုင်သော အဆောက်အဦများ စသဖြင့် ဖွဲ့စည်းတည်ဆောက်ပြီး ရေရှည်တည်တံ့သော အဆောက်အအုံကောင်းများ ဖြစ်ပေါ်လာရေးသည် အင်မတန်ပင်အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ခေတ်မီလှပခိုင်ခံ့သော အဆောက်အဦများ အသစ်တည်ဆောက်၊ အဟောင်းများကိုလည်း ပြုပြင်ထိန်းသိမ်းနိုင်မှလည်း နိုင်ငံအဝန်းတိုးတက်လှပသည့် အဆောက်အဦများကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရမှ နိုင်ငံတိုးတက်ရေးကို အားကြိုးမာန်တက် ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ နည်းပညာ ဆွေးနွေးဖလှယ်ပွဲများ ကျင်းပပြုလုပ်ခြင်းသည် အင်မတန်ကောင်းမွန်သည့် ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ ယနေ့ ဟောပြောပွဲမှတစ်ဆင့် ဗိသုကာပညာရပ်၊ တည်ဆောက်ရေးနှင့် သံနှင့်သံမဏိ စသည့် နည်းပညာ၊ စံချိန်စံညွှန်းများနှင့် အတွေ့အကြုံများကို လက်ဆင့်ကမ်း ဝေမျှပြန့်ပွားစေပြီး နိုင်ငံတော်အတွက် ခေတ်မီလှပ ရေရှည်တည်တံ့သော အဆောက်အဦများ ဆောက်လုပ်ရာတွင် မျိုးဆက်သစ် အင်ဂျင်နီယာများကို ပြုစုပျိုးထောင်ပေးရန်အထူးပင် လိုအပ်ပါကြောင်း။

အဆောက်အဦ၊ လမ်း၊ တံတား စက်ရုံအလုပ်ရုံနှင့် မည်သည့် တည်ဆောက်ရေး လုပ်ငန်းစဉ်တွင်မဆို တည်ဆောက်နေစဉ်မှစ၍ ရေရှည်တည်တံ့ခိုင်မြဲရန် အထူးပင် အရေးကြီးကြောင်း ပြောကြားလိုပါကြောင်း၊ ယနေ့အချိန်အခါတွင် သဘာ၀ဘေးအန္တရာယ်များဖြစ်သည့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်ဒဏ်၊ လေပြင်းမုန်တိုင်းများ တိုက်ခတ်ခြင်း၊ မိုးသီးမိုးပေါက်များ ကျဆင်းခြင်း စသည်တို့ကို နိုင်ငံတကာတွင် ရင်ဆိုင်ကြုံတွေ့နေကြရပြီး အဆိုပါအခြေအနေတွင် မိမိတို့နေထိုင်သည့် အဆောက်အအုံ၏ ကြံ့ခိုင်မှုသည် အင်မတန်မှအရေးကြီးပါကြောင်း။

ကြံ့ခိုင်သောအမိုးအကာ အဆောက်အဦတို့သည် သဘာ၀ဘေးအန္တရာယ် ကျရောက်ခြင်း၊ ပျက်စီးဆုံးရှုံးခြင်းများမှ အထိုက်အလျောက် အကာအကွယ်ပြုနိုင်မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ကြံ့ခိုင်မှုအပိုင်း၊ သဘာ၀ဘေးအန္တရာယ် ခံနိုင်မှုအပိုင်းတို့တွင် အားနည်းခဲ့သော အဆောက်အဦများကို ဒီဇိုင်းပိုင်း၊ တည်ဆောက်ရေးနှင့် သုံးစွဲသောပစ္စည်းများ၏ စံချိန်စံညွှန်း အရည်အသွေး စသည်တို့ကို ပူးပေါင်းလေ့လာ အဖြေရှာပြီး နောင်အလားတူ အဆောက်အဦ၊ စက်ရုံ အလုပ်ရုံ အမိုးအကာများ တည်ဆောက်ရာမှာ ပိုမိုကောင်းမွန်ပြီး တည်တံ့ခိုင်မြဲအောင် လုပ်ဆောင်ရာတွင် အဖြေကောင်းများ ရှာဖွေနိုင်ရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြို့တော်သာယာလှပဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မြို့တော်အင်္ဂါရပ်နှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲသော အဆောက်အအုံကောင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်မြင့်က ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး JFE MERANTI Myanmar မှ အမှုဆောင် အရာရှိချုပ် Dr. Sebastian Langendorf က ဆွေးနွေးပွဲပြု လုပ်ရခြင်းနှင့် စပ်လျဉ်း၍ ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံ ဗိသုကာအသင်း၊ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်းတို့မှ တာဝန်ရှိသူများက မြို့တော်သာယာလှပရေးနှင့် ရေရှည်တည်တံ့သော အဆောက်အဦများအကြောင်းနှင့် စပ်လျဉ်၍ နည်းပညာပိုင်းဆိုင်ရာများကို ဟောပြောဆွေးနွေးကြသည်။ 

ယနေ့ ဟောပြောဆွေးနွေးပွဲကို JFE MERANTI Myanmar ကမ္ဘာ့အဆင့်မီ အလွှာအုပ် စတီး ကုမ္ပဏီ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ဗိသုကာအသင်းနှင့် မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်းတို့ပူးပေါင်းကာ မြို့တော်သာယာလှပရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော အဆောက်အဦများ ဖြစ်ပေါ်လာစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ဟောပြောဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာအသင်း၊ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်