နေပြည်တော် ၃ မတ်
2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးအား ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အမှာစကားပြောကြားခဲ့ရာ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုနှင့် စပ်လျဉ်း၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ (Global Emergency) အဖြစ် ပထမအကြိမ် ထုတ်ပြန်ကြေညာခဲ့ရာမှ ဖေဖော်ဝါရီလကုန်တွင် ကမ္ဘာတစ်ဝန်း ကူးစက်မှုအလွန် မြင့်မားသည့်အဆင့် (Very High) သို့ ပြောင်းလဲတိုးမြှင့်သတ်မှတ်ခဲ့ပါကြောင်း၊ ထို့ပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်ခဲ့သော်လည်း လက်ရှိတွင် အခြားနိုင်ငံ (၆၀)ကျော်တွင်လည်း ကူးစက်ပြန့်ပွားလျက်ရှိပါကြောင်း၊ သို့ပါ၍ ယနေ့အစည်းအဝေးတွင် နိုင်ငံတကာတွင် ရောဂါကူးစက်ပြန့်ပွားနေမှု အခြေအနေများကို လေ့လာသုံးသပ်၍ မြန်မာနိုင်ငံတွင်လည်း ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပိုမိုကောင်းမွန်သည့် လုပ်ငန်းစဉ်များ၊ အစီအမံများ တိုးမြှင့်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ဆွေးနွေးညှိနှိုင်းသွားကြရန် ဖြစ်ပါကြောင်း၊ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးနှင်စပ်လျဉ်း၍ ဖေဖော်ဝါရီ ၁၉ ရက်တွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ကျင်းပခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် လိုအပ်သည်ထက်ပိုမို၍ ထိန်းချုပ်ကန့်သတ်မှုများ မပြုလုပ်ဘဲ တရုတ်နိုင်ငံနှင့် တစ်စည်းတစ်လုံးတည်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် တရုတ်နိုင်ငံဘက်မှ တိုက်တွန်းခဲ့ပြီး ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများကို တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် နှစ်ဖက်ပြည်သူများ၏ လူမှုစီးပွားရေး ထိခိုက်မှုများ လျှော့ချရေး စသည်တို့အား ဆောင်ရွက်သွားရန် သဘောတူညီခဲ့ပါကြောင်း။
ထို့နောက် တရုတ်နိုင်ငံရောက် တရားမဝင်အလုပ်သမားများနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ နယ်စပ်ဂိတ်များမှတစ်ဆင့် နေရပ်သို့ပြန်လာနိုင်ရေးအတွက် ပေကျင်းမြို့ရှိ မြန်မာသံရုံးအနေဖြင့် ကူညီဆောင်ရွက်မှုများ ပြုလုပ်ရာတွင် လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံမှ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပြန်လည်ရောက်ရှိသည့် အချိန်တွင်လည်း ကျန်းမာရေးစောင့်ကြပ် ကြည့်ရှုမှုများ ပြုလုပ်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် ဗဟိုကော်မတီအစည်းအဝေးမှာ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးရှု့ထောင့်ကသာမက WHO ၏ လမ်းညွှန်ချက်များ ရှုထောင့်၊ နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းတို့အပေါ် ကြီးမာစွာ မထိခိုက်စေရေး ရှုထောင့်၊ နှစ်နိုင်ငံချင်း ဆက်ဆံရေး ရှုထောင့်တို့မှ ဟန်ချက်ညီညီ ညှိနှိုင်းတိုင်ပင်၍ လုပ်သင့်လုပ်ထိုက်သည်များကို ညှိနှိုင်းသွားရန်ဖြစ်ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေးသည် ပထမဦးစားပေးဖြစ်ပါကြောင်း၊ ပြည်သူတို့၏ သဘောထားကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီ ပူးတွဲဥက္ကဋ္ဌ ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ဗဟိုအဆင့်နေ့စဉ် ညှိနှိုင်းအစည်းအဝေးများကို ပြုလုပ်လျက်ရှိပြီး လုပ်ငန်းလမ်းညွှန် များကိုချမှတ်၍ အထူးဦးစားပေးလုပ်ငန်းတစ်ရပ် အနေဖြင့် ဆောင်ရွက်နေပါကြောင်း၊ အဆိုပါနေ့စဉ်အစည်းအဝေးများနှင့် အခြား COVID-19 ရောဂါနှင့်စပ်လျဉ်းသော ညှိနှိုင်းအစည်းအဝေးများတွင် မိမိပြောကြားချက်များ၊ လမ်းညွှန်ချက်များကို စုစည်း၍ ဗဟိုကော်မတီဝင်များ သိရှိနိုင်ရန် ဖြန့်ဖြူးပေးထားပါကြောင်း၊ စုစုပေါင်း (၅၈၉)ချက်ပါဝင်ပြီး လူမှုရေးဝန်ကြီးများ အနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်ရောက်သောအခါ မိမိတိုင်း ဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနများ၌ အဆိုပါအချက်များကို ဆောင်ရွက်ထားရှိမှု အတိုင်းအတာကို လေ့လာဆန်းစစ်သုံးသပ်စေလိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများကလည်း မိမိတို့ ဆောင်ရွက်ထားရှိမှု အခြေအနေ အကျဉ်းချုပ် အစီရင်ခံစာကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရထံတင်ပြရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာလူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူး အပါအဝင် တာဝန်ရှိသူများသည် အသင်းအဖွဲ့ တစ်ခုတည်းအသွင်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ဤရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကပ်ရောဂါဗေဒရှုထောင့်နှင့် ပြည်သူ့ကျန်းမာရေး ရှုထောင့်များမှသာမက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ကုန်သွယ်ရေး ရှုထောင့်များမှလည်း ကြည့်ရှုသုံးသပ်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ယခုအချိန်တွင် လူစုလူဝေးဖြင့်ကျင်းပသော ပွဲလမ်းသဘင်များ၊ အခမ်းအနားများကို တတ်နိုင်သမျှ မလုပ်သင့်ပါကြောင်း၊ မဖြစ်မနေ ကျင်းပရမည်ဆိုပါကလည်း တက်ရောက် မည့်လူဦးရေကို သိသိသာသာလျှော့ချခြင်း၊ ဖျားနာသူနှင့် နှာစေးချောင်းဆိုသူများ လုံးဝမလာရောက်စေရေးနှင့် မိမိတို့ဝန်ကြီးဌာနမှ လမ်းညွှန်မှုများကို တိတိကျကျ လိုက်နာပြီး ဆောင်ရွက်စေလိုပါကြောင်း၊ ပွဲလမ်းသဘင်အခမ်းအနား တစ်ခုချင်းစီအလိုက် ဘက်စုံခြုံငုံ သုံးသပ်ပြီး စဉ်းစားဆုံးဖြတ်ရန် လိုအပ်မည်ဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနမှ တတ်နိုင်သမျှ ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေသည် အချိန်နှင့်အမျှ ဖြစ်ပေါ်ပြောင်းလဲမှုရှိသော အခြေအနေ (evolving situation) ဖြစ်ပါကြောင်း၊ သေဆုံးမှုနှုန်းသည်လည်း တဖြည်းဖြည်း မြင့်တက်လာပြီး ယခုအခါ (၃.၆ %)ခန့်အထိ ရှိပါကြောင်း၊ လမ်းပြမြေပုံ မရှိသောနယ်မြေ (Uncharted territory) သို့ ခရီးသွားနေရသည်နှင့် တူပါကြောင်း၊ ကူးစက်ပျံနှံ့ပုံ အပါအဝင် ရောဂါ၏သဘောသဘာဝဖြစ်စဉ် (Natural history) ကို ယခုအချိန်ထိ သေချာတိကျ ပြည့်စုံစွာ မသိရှိသေးပါကြောင်း၊ နောက်ဆုံးသိရှိရသော အချက်အလက်များအရ COVID-19 ရောဂါကူးစက်ခံရသူများ၏ (၈၀%)သည် ပြင်းထန်မှုမရှိ သာမာန်လက္ခဏာများသာရှိသော ရောဂါ (mild disease)၊ လူနာများ၏ (၁၄%) သည် ပြင်းထန်သောလက္ခဏာရှိသောရောဂါ (severe disease)နှင့် (၆%)ခန့်သည် အသက်သေဆုံးနိုင်သည့်အထိ ပြင်းထန်သောရောဂါ (critically ill) ဖြစ်နိုင်ပါကြောင်း၊ ရောဂါကူးစက်ဖြစ်ပွားခံရသူတစ်ဦးမှ တဆင့်ထပ်မံ ကူးစက်ခံရနိုင်ချေရှိသည့် ဉီးရေ Basic Preproduction Number - Ro) သည် (၂)ဉီးမှ (၄)ဉီးခန့်အထိ ရှိသည်ဟု သိရှိရ၍ ဤရောဂါသည် ကူးစက်မှုအလွန်မြန်ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံတွင်လည်း ကူးစက်ဖြစ်ပွားမှု အလွန်မြန်ခဲ့ခြင်းဖြစ်ပါကြောင်း။
ကူးစက်ဖြစ်ပွားမှုများသော ကိုးရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့မှ လာရောက်သည့် ခရီးသည်ဝင်ရောက်မှု (Influx)လျော့နည်းသွားပါက ရောဂါကူးစက် ဝင်ရောက်နိုင်ချေလည်း လျော့နည်းသွားမည်ဖြစ်ပါကြောင်း၊ ဝင်ရောက်လာသောခရီးသည် များမှ (Health Declaration Form)တွင် ဖြည့်ရသည့် အချက်များကိုလည်း တတ်နိုင်သမျှ လျှော့ချပြီး တည်းခိုနေထိုင်မည့် ဟိုတယ်နှင့်တည်းခိုခန်းနှင့် နေရပ်လိပ်စာတို့ကို အဓိကထားဖြည့်စွက်စေခဲ့ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အကူအညီကို ရယူပြီး မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဟိုတယ်၊ တည်းခိုခန်းများနှင့် ချက်ချင်းဆက်သွယ်ဆောင်ရွက်ခြင်း၊ လိုက်လံစုံစမ်းခြင်းများကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ပြည်သူများနှင့် သက်ဆိုင်ရာ ကာယကံရှင်များကို ရောဂါဖြစ်ပွားရာနေရာများမှ ပြန်ရောက်လာပါက (သို့မဟုတ်) ရောဂါဖြစ်ပွားသူနှင့် အနီးကပ်ထိတွေ့မှု ရာဇဝင်ရှိပါက အသွားအလာပိတ်ပင်တားမြစ်ပြီး သတ်မှတ်နေရာတွင် နေထိုင်စေခြင်း (Quarantine) သည် သက်ဆိုင်ရာပုဂ္ဂိုလ်အတွက် ရောဂါဖြစ်ပွားပါက ချက်ချင်းကုသမှုပေး နိုင်ခြင်းနှင့် အခြားသူ မိမိ၏ မိတ်ဆွေနှင့် ဆွေမျိုးများကို မကူးစက်စေရန် ကာကွယ်မှုပေးနိုင်သည့်ဟူသော အကျိူးကျေးဇူးများ ရှိကြောင်းကိုသိရှိရန် ကျယ်ကျယ်ပြန့်ပြန့် အသိပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် (Quarantine) လုပ်ရန်ရှိပါက လူနာက ကူးစက်ရောဂါဆေးရုံဟု သတ်မှတ်ထားသော ဝေဘာဂီဆေးရုံတွင် ထားရှိတော့မည် မဟုတ်ဘဲ တည်ဆောက်ပြီးသော်လည်း လူနာများ မထားရှိရသေးသော တောင်ဉက္ကလာပရှိ မိခင်နှင့်ကလေးဆေးရုံ (၄)ထပ်ဆောင်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ရောဂါလက္ခဏာရှိသော သူများနှင့် သံသယရှိလူနာများကိုသာ ဝေဘာဂီဆေးရုံတွင် ထားရှိသွားမည်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါဖြစ်ပွားသူများ၏ ၈၈ % တွင် ကိုယ်ပူဖျားနေခြင်းကို တွေ့ရှိရပါသဖြင့် လေဆိပ်၊ နေအိမ်နှင့် နယ်စပ်ဝင်/ထွက် ဂိတ်များတွင် Fever Screening ကို သေချာစွာ လုပ်ဆောင်လျက်ရှိပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါသည် တရုတ်-မြန်မာနယ်စပ်မှ ဝင်ရောက်လာနိုင်ချေ နည်းပါးသည်ဟု ထင်မြင်ယူဆပါကြောင်း၊ တရုတ်ပြည်တွင် အဓိကရောဂါဖြစ်ပွားနေသော ဝူဟန်မြို့၊ ဟူပေပြည်နယ်နှင့် မြန်မာနိုင်ငံတို့ အကြားတွင် ယူနန်ပြည်နယ်၊ ဟူနန်ပြည်နယ်နှင့် ကွမ်းကျိုးပြည်နယ်တို့ ခြားနေသည့်အပြင် အဆိုပါပြည်နယ်များတွင် လူနာသစ် မတွေ့ရှိရသည်မှာ ရက်သတ္တ (၁)ပတ်ခန့် ရှိနေပြီဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ဝင်ရောက်သွားလာနေသူ အများစုမှာလည်း ယူနန်ပြည်နယ်အတွင်း မိုင်အနည်းငယ်ခန့်သာသွားလာပြီး နေ့ချင်းပြန် ဝင်ထွက်နေသူများဖြစ်သည်ဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံအတွင်းသို့ ရောဂါဖြစ်ပွားနေသော နိုင်ငံများမှ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသူများမှ တစ်ဆင့်ရောဂါကူးစက်ဖြစ်ပွားရန် အခွင့်အလမ်းပိုများပါကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို အားဖြည့်ဆောင်ရွက်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ကျန်းမာရေးမှူးများကို တွဲဖက်တာဝန်ချထားပြီး ဖြစ်ပါကြောင်း။
ရောဂါဖြစ်ပွားသူများကို ဆောလျင်စွာထောက်လှမ်းခြင်း၊ (Early Case Detection)နှင့် သီးခြားထားရှိ ကုသမှုပေးခြင်း၊ (Isolation & Treatment) ပေးခြင်းဖြင့် ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ တားဆီးနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ဆေးရုံများကို လူနာများတွေ့ရှိပါက ထိရောက်စွာ ကုသပေးနိုင်ရေးအတွက် အသင့်အနေထားရှိရေး ပြင်ဆင်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ သံသယလူနာ(၄)ဉီး သို့မဟုတ် (၅)ဉီးခန့် တစ်ပြိုက်နက်တွေ့ရှိပါက မည်ကဲ့သို့ဆောင်ရွက်မည်ကို အစမ်းလေ့ကျင့်ခြင်း (Table Top Exercise) တို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာနကလည်း COVID-19 ရောဂါကို နေချင်းဓါတ်ခွဲစစ်ဆေးပေးလျက်ရှိပြီး ယနေ့အချိန်ထိ စောင့်ကြည့်လူနာ (၅၀)ဉီးကို စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ မရှိသေးပါကြောင်း၊ စင်္ကာပူနိုင်ငံမှပေးအပ်လှူဒါန်းသော COVID-19 ရောဂါဓါတ်ခွဲစစ်ဆေး ရန်အတွက် လူနာအယောက် (၃၀၀၀)အတွက် ဓါတ်ခွဲပစ္စည်းများ ယနေ့ရရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဗဟိုကော်မတီ အတွင်းရေးမှူး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကမ္ဘာ့နိုင်ငံများတွင် COVID-19 ရောဂါဖြစ်ပွားသေဆုံးမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် သံသယ/စောင့်ကြည့်လူနာများ တွေ့ရှိ ကုသပေးနေမှုအခြေအနေများ၊ ပထမအကြိမ် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆုံးဖြတ်ချက်ပေးရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက 2019 Novel Corona Virus (COVId-19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများတွင် လေကြောင်းလိုင်းများ ပျံသန်းနေမှုအခြေအနေ၊ ရောဂါဖြစ်ပွားရာ နိုင်ငံများမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားခရီးသွားများအား ပြည်ဝင်ခွင့် စိစစ်ဆောင်ရွက်နေပေးမှုအခြေအနေ၊ လူစုလူဝေးဖြင့် ပြုလုပ်သည့် ပွဲလမ်းသဘင်များ ကျင်းပခြင်းကို ရှောင်ကြဉ်ရေးနှင့် မဖြစ်အနေ ကျင်းပရမည်ဆိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပညာပေးနှိုးဆော်ချက်များနှင့်အညီ တိကျစွာ စနစ်တကျလိုက်နာ ဆောင်ရွက်နိုင်ရေး ပြည်သူလူထုထံ အသိပညာပေးရေးကိစ္စ၊ ရောဂါကူးစက် ပြန့်ပွားမှုနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်နိုင်ရေးနှင့် မီဒီယာများမှ တိကျမှန်ကန်သော သတင်းများအား အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေနိုင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ တရားမဝင် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ရေး ကူညီဆောင်ရွက်နေမှုအခြေအနေများ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်နေမှုအခြေအနေများ စသည်တို့အပေါ် ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နိဂုံးချုပ်မိန့်ခွန်းပြောကြားရာတွင် လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် Confirmed Case မတွေ့ရှိရသေးသော်လည်း ပေါ့ဆခြင်းမရှိဘဲ ကြိုတင်ပြင်ဆင်မှုများ၊ ကာကွယ်ထိန်းချုပ်မှုများကို စနစ်တကျ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO)နှင့် International Civil Aviation Organization(ICAO)တို့၏ စည်းမျဉ်းစည်းကမ်းများနှင့် အကြံပြုချက်များနှင့်အညီ ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအမံများကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရန် အထူးသဖြင့် လူစုလူဝေးဖြင့် ပြုလုပ်သည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို လျော့ချသွားရန် လိုအပ်ပါကြောင်း၊ မြန်မာပြည်သူပြည်သားများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို ရှေးရှု၍ ယင်းကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ရန်အတွက် ကျန်းမာရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည်တို့ကို ဘက်ပေါင်းစုံမှ စဉ်းစားသုံးသပ်လျက် ဟန်ချက်ညီမျှသည့် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်သွားရန် လိုအပ်ကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဆောင်ရွက်ခြင်းဖြင့် သက်ရောက်နိုင်သည့် စီးပွားရေးဆိုင်ရာထိခိုက်မှုများ ရှိနိုင်သကဲ့သို့ ရောဂါဖြစ်ပွား ပါက စီးပွားရေးဆိုင်ရာ ထိခိုက်မှုကို များစွာသက်ရောက်စေနိုင်သည့်အတွက် ကျန်းမာရေး ရှု့ထောင့်အရ ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအမံများကို လိုက်နာပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီပူးတွဲဥက္ကဋ္ဌ ဒေါက်တာမြင့်ထွေးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယခုဗဟိုကော်မတီကို ဖွဲ့စည်းထားခြင်းသည် လူမှုရေးဝန်ကြီးများ၊ အခြားဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးနိုင်သောကြောင့် အလွန်အကျိုးရှိပါကြောင်း၊ COVID-19 ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International Concern - PHEIC) ဟု (၃၀-၁-၂၀၂၀)ရက်နေ့တွင် ကြေညာကာ အဖွဲ့ဝင်နိုင်ငံများကို ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက် (၅)ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သည် ထိုကဲ့သို့ မကြေညာမီကပင် အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။
ထို့ပြင် ကမ္ဘာ့ကျန်းမာရေးပညာရှင်များ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်လေ့လာပြီးနောက် ထုတ်ပြန်ကြေညာချက်တွင်ပါရှိသော ရောဂါမဖြစ်ပွားသေးသည့် နိုင်ငံများ ဆောင်ရွက်ရမည့်လုပ်ငန်း (၅)ရပ်ကိုလည်း ဝန်ကြီးဌာနအနေဖြင့် ကြိုတင်ဆောင်ရွက်ထားခဲ့ပါကြောင်း၊ ပြည်တွင်း/ ပြည်ပ လေကြောင်းခရီးစဉ်များတွင် လေယာဉ်ကို ပိုးသန့်စင်ခြင်းလုပ်ငန်း (Disinfection)ကို ပျံသန်းသည့် အချိန်နာရီပေါ် မူတည်၍ ပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ ပျံသန်းသည့် ခရီးစဉ်တစ်ခုပြီးတိုင်း ဆောင်ရွက်စေလိုပါကြောင်း၊ လေယာဉ်ပေါ်တွင် သံသယလူနာ(၁)ဉီး ပါရှိလာပါက ရောဂါပိုးများသည် အဆိုပါ လေယာဉ်တွင် ကျန်ရှိနိုင်ပြီး အခြားသူများကို ကူးစက်နိုင်ချေ မြင့်မားသောကြောင့် ဤကဲ့သို့ ပိုးသန့်စင်ခြင်းလုပ်ငန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ လေကြောင်းဌာနသို့ ဆက်သွယ်ညှိနှိုင်းကာ ပိုးသန့်စင်ခြင်း အထောက်အထား လက်မှတ် (disinfection certificate) ကို တောင်းယူစေလိုပါကြောင်း၊ ပြည်တွင်းလေကြောင်းများ၌လည်း ပိုးသန့်စင်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်စေလိုပါကြောင်း၊ COVID-19 ရောဂါသည် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တက်သောရောဂါ (zoonosis) တစ်မျိုးဖြစ်၍ ဝန်ကြီးဌာနအနေဖြင့် သားသတ်ရုံများကို တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနမှ စနစ်တကျကြီးကြပ်ပေးရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များထံ အကြောင်းကြားခဲ့ပြီးဖြစ်ပါကြောင်းနှင့် လူမှုရေးဝန်ကြီးများကလည်း ကြီးကြပ်လမ်းညွှန် ပေးစေလိုပါကြောင်း။
မိမိအနေဖြင့် အကြုံပြုလိုသည်မှာ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးများပြုလုပ်သည့်အခါ လေဝင်လေထွက် ကောင်းစေရန်အတွက် အလုပ်ပိတ်အခန်းများတွင် မပြုလုပ်စေဘဲ တံခါးများပြတင်းပေါက်များကို တတ်နိုင်သမျှ ဖွင့်ထားစေလိုပါကြောင်း၊ မိမိတို့အနေဖြင့် ယခုအချိန်ကာလတွင် COVID-19 ရောဂါဖြစ်ပွားမှုမရှိသေးသော်လည်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြင်းပြင်းထန်ထန် တင်းတင်းကြပ်ကြပ် အရေးယူဆောင်ရွက်ခြင်း (Aggressive actions)များ ဆောင်ရွက်ရန်လိုအပ်ပြီး သတင်းများကို ထိန်ချန်မှုမရှိဘဲ အချိန်နှင့် တစ်ပြေးညီထုတ်ပြန်သွားရန် အရေးကြီးပါကြောင်း၊ ယခုအချိန်တွင် အရပ်ဖက်ဆေးရုံများနှင့် တပ်မတော်ဆေးရုံများအကြား ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID-19 ရောဂါနှင့်ပတ်သက်၍ လုပ်ငန်းလမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ထုတ်ပြန်ကြေညာချက်များကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှု ရယူနိုင်ပါကြောင်း။
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ စောင့်ကြည့်လူနာ(၅၀)ကို COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ယခုအချိန်ထိ ရောဂါပိုးရှိသူ တစ်ဉီးမျှ မတွေ့ရှိရသေးဘဲ ဓါတ်ခွဲအဖြေများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓါတ်ခွဲခန်းတစ်ခုဖြစ်သော ထိုင်းနိုင်ငံရှိ ဓါတ်ခွဲခန်းအဖြေများနှင့် ကိုက်ညီမှုရှိကြောင်းကို တွေ့ရှိရပါကြောင်း၊ ဓါတ်ခွဲစစ်ဆေးသော PCR စက်များသည် ဝန်ကြီးဌာနတွင် ယခင်ကတည်းက ရှိသော်လည်း COVID-19 ရောဂါပိုးအတွက် သီးသန့် Primer နှင့် Probe များ ဓါတ်ခွဲပစ္စည်းများ မရှိသောကြောင့် ယခင်က မစစ်ဆေးနိုင်ခဲ့သော်လည်း အဆိုပါဓါတ်ခွဲပစ္စည်းများကို ဂျပန်နိုင်ငံမှ ရရှိပြီးနောက် ယခုအခါ စစ်ဆေးနိုင်မည် ဖြစ်ပါကြောင်း၊ ယခုအခါတွင် ရောဂါဖြစ်ပွားကူးစက်နိုင်သော နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများဟူ၍ ခွဲခြားမစဉ်းစားသင့်တော့ပါကြောင်း၊ သတင်းအချက် အလက်များကို လွတ်လပ်စွာ မျှဝေရယူခြင်း၊ (Free Flow of Information) ရှိ ရန် အရေးကြီးပါကြောင်း၊ လေယာဉ်များပေါ်တွင် လက်သန့်စင်ပိုးသတ်ဆေးရည် ပုလင်းများ Hand Sanitizer များ အလွယ်တကူ ရယူသုံးစွဲနိုင်ရန် စီစဉ်ပေးစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရောဂါကူးစက်ဖြစ်ပွားနေ သော နိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများ (သို့မဟုတ်) ဓါတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့သူများကို အသွားအလာ ပိတ်ပင်တားမြစ်ကန့်သတ်ပြီး စောင့်ကြည့်ရန်အတွက် တောင်ဉက္ကလာပ မိခင်နှင့် ကလေးလူနာဆောင်အဆောက်အဉီသစ် နှင့် လှည်းကူး ကွင်းဆင်းသင်တန်းကျောင်း ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဖောင်ကြီး သင်တန်းကျောင်းတို့တွင် ထားရှိနိုင်ရန်လည်း ဆက်သွယ်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။
လေကြောင်းခရီးဖြင့် ဝင်ရောက်လာသည့် ခရီးသည်များအနေဖြင့် Health Declaration Form ကို ပြည့်စုံစွာ ဖြည့်စွက်ပြီးသူများကိုသာ ပြည်တွင်းသို့ ဝင်ခွင့်ပေးရန် ဖြစ်ပါကြောင်း၊ အကျဉ်းထောင်နှင့် အချုပ်များတွင်လည်း COVID-19 ရောဂါကာကွယ် တားဆီးရေးနှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ အကူအညီများ ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆေးရုံများအတွက် လိုအပ်သော တစ်ကိုယ်ရေရောဂါ ကာကွယ်ရေးပစ္စည်း (PPE)များ ကိုလည်း ဖြည့်ဆည်းပေးထားမည်ဖြစ်ပါကြောင်း၊ လူစုလူဝေးဖြင့် ကျင်းပမည့် ပွဲလမ်း သဘင်များ၊ အခမ်းအနားများ ကျင်းပသည့်အခါ လိုက်နာရမည့် ဆောင်ရန် ရှောင်ရန် အချက်များကို Update ပြုလုပ်၍ သက်ဆိုင်ရာဌာနများ အဖွဲ့အစည်းများထံ ဖြန့်ဝေပေးသွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေဆိပ်ကျန်းမာရေးဌာနခွဲ၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ အကောက်အခွန်ဌာန၊ လေကြောင်းပို့ဆောင်ရေးနှင့် လေဆိပ်ကြီးကြပ်ရေးကော်မတီမှ ဝန်ထမ်းများသည် အပတ်စဉ်ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်လျှက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရောဂါကူးစက်ဖြစ်ပွားနေသော နိုင်ငံများ၌ ပြုလုပ်သည့် ကာလတိုသင်တန်းများ၊ အစည်းအဝေးများသို့ သင်တန်းသားများနှင့် ကိုယ်စားလှယ်များ မစေလွှတ်တော့ကြောင်းနှင့် အခြားဝန်ကြီးဌာနများကလည်း မလွှဲမရှောင်သာသည့် အရေးကြီးသည့် သင်တန်းများ၊ အစည်းအဝေးများမှလွဲ၍ မစေလွှတ်သင့်ပါကြောင်း ပြောကြားသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ပြည်နယ်(၃)ခုနှင့် တိုင်းဒေသကြီး (၃)ခုတို့၏ အစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


