ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ အစည်းအဝေးသဘာပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်၏ သာရဏီယ သြဝါဒကထာ
[ ၁၃၈၁ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃ ရက်၊ အင်္ဂါနေ့]
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးသို့ ကြွရောက်တော်မူလာကြကုန်သော နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များ၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်အရှင်မြတ်တို့ဘုရား။
ဆရာတော်အရှင်မြတ်တို့ သက်တော်ရာကျော် ရှည်တော်မူကြလျက်၊ ကိုယ်စိတ်နှစ်ဖြာ ကြည်သာရွှင်လန်းချမ်းမြေ့စွာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးတာဝန်များကို ထမ်းဆောင်တော်မူနိုင်ကြပါစေကြောင်း ဆုမွန်တောင်းလျက် နှုတ်ခွန်းဆက်စကား လျှောက်ထားအပ်ပါသည်ဘုရား။
ဆရာတော် အရှင်မြတ်တို့ဘုရား-
ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန်လ (ခရစ်နှစ် ၁၉၈၀ ပြည့်နှစ်၊ မေလ)၌ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူတော်ကြီးမှာပင် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို ကျင်းပနိုင်ခဲ့သည်ဖြစ်ရာ နှစ်ပေါင်း ၄၀ တိုင်ခဲ့ပြီ ဖြစ်ပါသည်ဘုရား။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရဟန်း၊ သံဃာတော်တို့၏ သမ္မုတိပေးရွေးချယ် စေလွှတ်အပ်သော သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်ဆရာတော် ၁၂၁၈ ပါးတို့ တက်ရောက်ခဲ့ကြသည့် ယင်းပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးကြီးက သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံမှုခင်း ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်း၍ ဓမ္မဝိနယများနှင့်အညီ သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းကာ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို အစဉ်တစိုက် ဆောင်ရွက်ခဲ့ကြပါသည်ဘုရား။
သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း အခန်း(၃) အပိုဒ်(၂၉) သံဃာ့အဖွဲ့ အစည်းလုပ်ထုံးလုပ်နည်းများ (ပြင်ဆင်ဖြည့်စွက်ချက်)အခန်း(၃)၊ အပိုဒ်(၅)နှင့် အခန်း(၆)၊ အပိုဒ်-၁၀၉၊ အပိုဒ်ခွဲ(စ)တို့အရ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ကြီးကပင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကိစ္စရပ်များ ဆောင်ရွက်ရန် တာဝန်ပေးအပ် ခဲ့ပါသည်ဘုရား။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အနေဖြင့်လည်း၊ တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့တို့၏ ဆောင်ရွက်ချက်များကို အခြေခံ၍ ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာ ရေးရာလုပ်ငန်းကိစ္စအဝဝကို “သံဃာ့ကိစ္စ သံဃာဆောင်ရွက်”မူနှင့်အညီ ပျော့ကွက်ဟာကွက်များ နည်းနိုင်သမျှ နည်းပါးရလေအောင် “သတိတမံ၊ ဉာဏ်မြေကတုတ်” လက်ကိုင်ပြုလျက် အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါသည် ဘုရား။
ထိုသို့ ဆောင်ရွက်ကြရာ၌ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံမှုခင်း ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဝိနိစ္ဆယလက်စွဲ၊ သံဃနာယကလက်စွဲ၊ ညွှန်ကြားလွှာများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ပါသည်ဘုရား။ ထိုအခြေခံ စည်းမျဉ်း စသည်တို့သည် ဘုရားရှင်၏ ဓမ္မဝိနယများကို အခြေခံ၍ ခေတ်ကာလအားလျော်စွာ ပေါ်ပေါက်လာသည့် သံဃာ့အဖွဲ့အစည်းအတွက် ရှေးရှေး ဒီဃဒဿီမဟာထေရ်ကြီးများ၏ အမြော်အမြင်ဖြင့် ညှိနှိုင်းဖြေရှင်းကာ တဖြည်းဖြည်းချင်း ရေးဆွဲအတည်ပြုခဲ့ကြသည့်အတွက် အတိုင်းအတာတစ်ရပ်အထိ ပြည့်စုံလုံလောက်သည့် စည်းမျဉ်းစည်းကမ်းများ ဖြစ်ကြပါသည် ဘုရား။ သို့ဖြစ်ရာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ထိုအခြေခံစည်းမျဉ်း စသည်တို့ကို ကျေကျေလည်လည်လေ့လာ၍ သာသနာသန့်ရှင်းတည်တံ့ ပြန့်ပွားရေးကိစ္စများကို ဆောင်ရွက်ကြရန် လိုအပ်ပါသည်ဘုရား။
အချို့သော ဝိနိစ္ဆယမှုခင်းများတွင် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်သဖြင့် မူလကပင် ပျက်ပြယ်ကြောင်း ဆုံးဖြတ်ခဲ့ရသည့် မှုခင်းများ ရှိနေပါသည်ဘုရား။ အထူးသဖြင့် နိုင်ငံတော်အဆင့်မှာပင် ပျက်ပြယ်မှုခင်းများ ရှိနေကြသည်ကို ဝိုင်းဝန်းအဖြေရှာ အကြံပေးကြရန် လိုအပ်နေပါသည်ဘုရား။ အချို့သောသံဃာ့အဖွဲ့အစည်းတို့၏ ဆောင်ရွက်ချက်များသည် အခြေခံ စည်းမျဉ်းလုပ်ထုံးလုပ်နည်းများကို ကျော်လွန်ဆောင်ရွက်မှုကြောင့် သတိပေးရခြင်း၊ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများအရ အရေးယူရခြင်းများ ရှိနေသည်ကိုလည်း တွေ့ရှိရပါသည်ဘုရား။ ပညာရေးရာ လုပ်ငန်းများတွင်လည်း သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရ အရည်အချင်း ပျက်ယွင်းသဖြင့် အရေးယူခံရခြင်းများ ရှိနေပါသည်ဘုရား။ ဤဖြစ်ရပ်များကို လေ့လာသုံးသပ်ပါက သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အနေဖြင့် ကြီးကြပ်ကွပ်ကဲမှုများ သာသနာတော်အတွက် ကြောင့်ကြစိုက်အားထုတ်မှုများ လျော့ပါးလျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်ဘုရား။ ဆရာတော်အရှင်မြတ်တို့ဘုရား သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကိစ္စရပ်များကို ဆောင်ရွက်ကြရာ၌ ထက်သန်သော ဝီရိယ၊ ဟိရီဩတ္တပ္ပ တရားများဖြင့် ဆောင်ရွက်ကြရန် အလို့ငှာ တပည့်တော်တို့သည် “သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားရေး” ဟူသော ဦးတည်ချက်ဖြင့် သံဃာ့အစည်းအဝေးကြီးများ ကျင်းပ၍ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အလိုက် သာသနာတော်အရေးကိစ္စအဝဝကို ဆောင်ရွက်နေကြပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
“သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် တာဝန်ယူသည့်ကာလ ရှည်ကြာလာသည်နှင့်အမျှ သူတော်ကောင်းတရား ဟိရီဩတ္တပ္ပများ လျော့နည်းလာမည်ကို သတိပြုဆင်ခြင်နိုင်ရန် လျှောက်ကြားရခြင်းဖြစ်ပါသည်ဘုရား။ ထို့အပြင် အချို့သော ရဟန်းသာမဏေများသည် သာသနာတော်နှင့် မအပ်စပ်သည့် သမဏသာရုပ္ပမဖြစ်သော အပြုအမူများ ပြုမူနေကြသည်မှာ ဟိရီဩတ္တပ္ပတရား နည်းပါးလာကြခြင်း၏ သက်သေသာဓကများပင် ဖြစ်ပါသည်ဘုရား။ သို့ဖြစ်၍ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများ ဓမ္မဝိနယနှင့်အညီ သီတင်းသုံးနေထိုင်စေရေး သံဃာထုတစ်ရပ်လုံး သဒ္ဓါပသန္နဖြစ်စေရန် ညွှန်ကြားလွှာများနှင့်အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် တပည့်တော်တို့အပါအဝင် သံဃာ့ ၊ အဖွဲ့အစည်းအဆင့်ဆင့်တို့က အလေးအနက်ထား၍ ထိထိရောက်ရောက် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း သတိပေး လျှောက်ထားလိုပါသည်ဘုရား။
ဆရာတော်အရှင်သူမြတ်တို့ဘုရား-
“ဝိနယော နာမ သာသနဿ အာယု” ဆိုသည့်အတိုင်း ဝိနည်းသည် သာသနာတော်၏ အသက်သွေးကြောပင် ဖြစ်ပါသည်ဘုရား။ “ဝိနယေ ဌိတေ သာသနံ ဌိတံ” ဆိုသည့်အတိုင်း ရဟန်းသာမဏေများ ဝိနည်းသိက္ခာပုဒ်တို့ကို စောင့်ထိန်းနေသမျှ ကာလပတ်လုံး ဗုဒ္ဓမြတ်စွာ၏ ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့နေမည်ဖြစ်သည့်အတွက် သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ကိုယ်တိုင်လည်း ဝိနည်းသိက္ခာပုဒ်များကို လိုက်နာခြင်း၊ ဝိနည်းသိက္ခာပုဒ်များနှင့်အညီ ကိုင်တွယ်ဆောင်ရွက်ခြင်း၊ သူတစ်ပါးအပေါ်၌လည်း ကျောသားရင်သားမခွဲခြားဘဲ ဓမ္မဝိနယနှင့်အညီ ဆောင်ရွက်ခြင်းတို့ဖြင့် သာသနာတော်ကြီးကို သန့်ရှင်းအောင်၊ တည်တံ့ပြန့်ပွားအောင် ဆောင်ကြဉ်းနိုင်ကြမည် ဖြစ်ပါသည်ဘုရား။
အထူးသဖြင့် အဖွဲ့အစည်းကြီးတစ်ခုလုံး ညီညီညွတ်ညွတ် ပြေပြေပြစ်ပြစ် ချစ်ချစ်ခင်ခင်လက်တွဲ ဆောင်ရွက်သွားရန် အရေးကြီးလှပါသည်။ မိမိတို့ အဖွဲ့အစည်းကြီး ညီညွတ်နေမှသာ၊ ငြင်းခုံခြင်း၊ ဆန့်ကျင်ခြင်းမရှိမှသာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ဆောင်ရွက်ရာ၌ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် ဘုရားရှင်၏အဆုံးအမ ဩဝါဒကိုလည်း လိုက်နာဆောင်ရွက်ခြင်းပင်ဖြစ်ပါကြောင်း အောက်ပါဂါထာဖြင့် လျှောက်ထားအပ်ပါသည်ဘုရား-
ဝိဝါဒံ ဘယတော ဒိသွာ၊ အဝိဝါဒဉ္စ ခေမတော။
သမဂ္ဂါ သခိလာ ဟောထ၊ ဧသာ ဗုဒ္ဓါနု သာသနီ။
ဘိက္ခဝေ- ရဟန်းတို့၊ ဝိဝါဒံ- ငြင်းခုံမှုကို၊ ဘယတော- သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏ ဘေးရန်ကြီးအနေအားဖြင့်၊ ဒိသာ- ရှုမြင်ကြ ကုန်သည်ဖြစ်၍၊ အဝိဝါဒဉ္စ- ငြင်းခုံမှုမရှိ ပကတိသင့်တင့် ညီညွတ်မှုကိုလည်း၊ ခေမတော- သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး၏ဘေးကင်း ရန်ကင်းချမ်းသာခြင်း အနေအားဖြင့်၊ ဒိသာ- ရှုမြင်ကြကုန်သည်ဖြစ်၍၊ သမဂ္ဂါသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၌ တစ်စုတစ်ဝေးတည်း ညီညွတ်ကြကုန်သည်။ ဟောထ- ဖြစ်ကြပါကုန်လော့၊ သခိလာ- သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးဆောင်ရွက်ရာ၌ ပြေပြေပြစ်ပြစ် ချစ်ချစ်ခင်ခင် မဆန့်ကျင်ကြကုန်သည်၊ ဟောထ - ဖြစ်ကြပါကုန်လော့၊ ဧသာ - ဤသို့ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဆောင်ရွက်ရာ၌ တစ်စုတစ်ဝေးတည်း ညီညွတ်ခြင်း၊ ပြေပြေပြစ်ပြစ် ချစ်ချစ်ခင်ခင် မဆန့်ကျင်ခြင်းသည်၊ ဗုဒ္ဓါနုသာသနီ- ဘုရားရှင်ဟူသမျှတို့၏ အဆုံးအမဩဝါဒ လမ်းရိုးကြီးပါပေတည်း ဟုလျှောက်ထားရင်း ဘုရားတပည့်တော်၏ သာရဏီယဩဝါဒကထာကို နိဂုံးကမ္ပတ်အဆုံးသတ်အပ်ပါသည် ဆရာတော် အရှင်သူမြတ်တို့ ဘုရား။
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ
အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက


