၄ မတ်
ရန်ကုန်မြို့၏ အချက်အချာနေရာ သွားရေးလာရေးလွယ်ကူသည့် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းမကြီးတွင် ၁၉၀၈ ခုနှစ်ကတည်းက ယနေ့တိုင်တည်ရှိနေသည့် နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ အဆောက်အဦကြီးသည် မကြာမီကာလတွင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် ဗဟုသုတသိုမှီးရာ တန်ဖိုးမဖြတ်နိုင်သည့် စာကောင်း ပေမွန်များ သိုလှောင်စုစည်းသိမ်းဆည်းထားရာ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အဖြစ် ခံ့ညားထည်ဝါစွာ တည်ရှိလာတော့မည်ဖြစ်သည်။
“စာကြည့်တိုက် အဆောက်အဦပိုင်း ပြင်ဆင်တာ တော့ပြီးပြီ။ အခုက စာကြည့်တိုက်ပိုင်းဆိုင်ရာတွေ ပြင်ဆင်နေပါတယ်။ ၉ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပါပြီး၊ ဧပြီလ ပထမပတ်မှာ ဖွင့်မှာ ဖြစ်ပါတယ် ” ဟု အမျိုးသား စာကြည့်တိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူးဒေါ်ရီရီထွေး က ပြောသည်။
ယခင်က အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ကို ရန်ကင်းမြို့နယ် အမှတ် ၈၅ (က) သီရိမင်္ဂလာ ရိပ်သာ လမ်းသွယ် ကမ္ဘာအေးဘုရားလမ်းမကြီးတွင် ဖွင့်လှစ်ထားရှိရာမှ စာကြည့်တိုက်သို့ အများပြည်သူ အလွယ်တကူလာရောက်ကာ စာပေဖတ်ရှုနိုင်ခြင်းဖြင့် အကြားအမြင်ဗဟုသုတ အတွေးအခေါ် ပိုမိုမြင့်မား တိုးတက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ လမ်းညွှန်မှုဖြင့် အမှတ် ၆၀၄/ ၆၀၈ ကုန်သည်လမ်း ပန်းဘဲတန်းမြို့နယ်ရှိ အဆောက်အဦသို့ ပြောင်းရွှေ့ရန် စတင်ခဲ့ခြင်းဖြစ်သည်။
ယခု ပြောင်းရွှေ့ဖွင့်လှစ်မည့် ကုန်သည်လမ်းပေါ်ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အဆောက်အဦကြီးအား ရှေးမူမပျက် ပြင်ဆင်မွမ်းမံမှုလုပ်ငန်းများကို ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ဗိသုကာပညာရှင်များ၊ အထပ်မြင့်အဆောက်အအုံ ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ စာကြည့်တိုက် ပညာရှင်များ ညှိနှိုင်းပေါင်းစပ်ကာ ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့တွင် လုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်သည်။
"အခုလို နှစ် ၁၀၀ ကျော် သက်တမ်းရှိတဲ့ ရန်ကုန် မြို့ပြအမွေအနှစ်စာရင်းဝင် အဆောက်အဦကို စာကြည့်တိုက်အဖြစ် သုံးနိုင်ဖို့ ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး ဒီအဆောက်အဦက ကြံ့ခိုင်မှု ဘယ်လောက်ရှိသလဲဆိုတာ စမ်းသပ်မှုတွေအရင်လုပ်ပြီးမှ စနစ်တကျ ပြင်ဆင်ခဲ့တာပါ”ဟု အမျိုးသားစာကြည့်တိုက်(ရန်ကုန်) မှ ညွှန်ကြားရေးမှူး ဒေါ်ရီရီထွေးက ပြောသည်။

အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အဆောက်အဦသည် ဝင်ပေါက်နှစ်ပေါက်၊ အထပ်လေးထပ်ရှိပြီး အထပ် တစ်ခုချင်းစီတိုင်းတွင် ရှေးမူမပျက် လက်ရာများနှင့်အတူ နံရံများပေါ်တွင်လည်း “ဗဟုသုတနှင့် လူ့စွမ်းအားသည် ခွဲခြား၍မရပေ"၊ “ပညာဗဟုသုတင်ဖို့ စာကြည့်တိုက်ကို သုံးကြစို့” အစရှိသည့် စာကြည့်တိုက်နှင့် သက်ဆိုင်သည့် ဆောင်ပုဒ်များ၊ “စာဖတ်သော လူမျိုးသည် တိုးတက်၍ တိုးတက်သောလူမျိုးသည် စာဖတ်ကြသည်" စသည့် မြန်မာနိုင်ငံ၏ အထင်ကရပုဂ္ဂိုလ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ အဆိုအမိန့်များ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားထားသည့် ရှေးခေတ်စာဆိုကြီး ဖိုးသူတော် ဦးမင်း၏ ၁၂လရသီဘွဲ့ ကဗျာများနှင့် ပန်းများအကြောင်းကို လေ့လာဖတ်ရှု နိုင်မည်ဖြစ်သည်။
မြေညီထပ်၏ အပြင်အဆင် ထူးခြားမှု
အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အဆောက်အဦ မြေညီထပ်တွင် ပြပွဲများကျင်းပနိုင်သည့် ( Exhibition Hall ) ခန်းမရှိပြီး ခန်းမ၏ ဝင်ပေါက်ရှေ့တွင် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ အရောင်အသွေးစုံလင်လှသည့် ကျောက်ပြားများကို ရှေးမူလက်ရာမပျက် ထိန်းသိမ်းကာ ခင်းကျင်းထားမှုကလည်း စာကြည့်တိုက်သို့ လာရောက်သူ တို့အတွက် ထူးခြားမှုရသတစ်ခု ရရှိစေမည်ဖြစ်သည်။
ထို့အပြင် မြေညီထပ်တွင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၏ ကိုယ်ပိုင် Data Center ရှိပြီး စာကြည့် တိုက်တွင် ခေတ်အဆက်ဆက် စုဆောင်းထားရှိသော စာအုပ်မျိုးစုံ၊ စာနယ်ဇင်းများကို Mobile Shelves များဖြင့် သိမ်းဆည်းထားသည့် စာအုပ်စင်ခန်းများကလည်း စနစ်တကျရှိလှသည်။
မြေညီထပ်မှတစ်ဆင့် စာကြည့်တိုက် အထပ် တစ်ထပ်ချင်းစီသို့ တက်ရာတွင်လည်း ရိုးရိုးလှေကားနှင့် ဓာတ်လှေကားတို့ကို အသုံးပြုနိုင်ရန် စီစဉ်ပေးထားသည့်အပြင် ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် အဆောက်အဦ အပြင်ဘက်တွင်လည်း လှီးချဲ့လမ်းကိုပါ ထည့်သွင်းစီစဉ်ပေးပြန်ရာ မသန်စွမ်းသူများအတွက် သက်သောင့်သက်သာ သွားလာနိုင်မည်ဖြစ်သည်။
စာကြည့်တိုက်၏ ပထမထပ်အပြင်အဆင်
အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အဆောက်အဦ ပထမထပ်တွင် ပြည်တွင်း၊ ပြည်ပ အစည်းအဝေးများ ကျင်းပနိုင်သည့် လူဦးရေ ၂၅၀ ဆံ့ နိုင်ငံတကာအဆင့်မီ ခန်းမတစ်ခုအပါအဝင် စာကြည့်တိုက် လာရောက်သုံးစွဲသူများအတွက် Multi Media Room တွင် ခေတ်မီသတင်း အချက်အလက် နည်းပညာများကိုအသုံးပြု၍ နိုင်ငံတကာမှ ထုတ်ဝေသော ပညာရပ်နယ်ပယ်အသီးသီးမှ စာအုပ် စာနယ်ဇင်းများ၊ သုတေသနစာတမ်းများကို Online တွင် အလွယ်တကူလေ့လာနိုင်မည့်အပြင် ဘာသာစကား လေ့လာလိုသူများအတွက်လည်း Self-Study လုပ်နိုင်မည် ဖြစ်သည်။ ထို့အပြင် Digital Library တွင် Online data base များအပြင် အမျိုးသားစာကြည့်တိုက်ရှိ စာစုများကိုပါ Online တွင် ဖတ်ရှုနိုင်ရန် စီစဉ်ထားရှိသည်။
ထို့ပြင် အကြောင်းအရာအမျိုးမျိုး ကိုယ်တိုင်ရှာဖွေလို သူများအတွက် လူဦးရေ ၁၀၀ ခန့် တစ်ပြိုင်နက်တည်း 3000-Gleeps Digital Library cous cut cong: Online အသုံးပြုကာ အမျိုးသားစာကြည့်တိုက်ရှိ သိလိုသမျှ စာအုပ်စာပေများကို ရှာဖွေဖတ်ရှုနိုင်ရန် စီစဉ်ထားသည်မှာလည်း ခေတ်မီနည်းစနစ်များဖြင့် စာပေလေ့လာချင်သူများအတွက် အဆင်ပြေစေမည်ဖြစ်သည်။
စာကြည့်တိုက်၏ ဒုတိယထပ်အပြင်အဆင်
ဒုတိယထပ်တွင် စာကြည့်တိုက်လာရောက်သုံးစွဲသူများ လွတ်လွတ်လပ်လပ် သက်သောင့်သက်သာ စာပေဖတ်ရှုနိုင်သည့် နေရာများ၊ စာကြည့်တိုက်တွင် စုဆောင်းထားရှိသည့် တစ်နှစ်အတွင်း ထွက်ရှိသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ၊ ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ထွက်ရှိခဲ့သည့် မြန်မာ၊ အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ စာအုပ်စာပေများ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများကို စင်ဖွင့်စနစ်ဖြင့် ထားရှိသည့် အထွေထွေစာဖတ်ခန်းကို မြင်တွေ့ရမည်ဖြစ်သည်။
“စင်ဖွင့်စနစ်ဆိုတာ ဘယ်စင်မှာ ဘာစာအုပ်၊ ဘယ်နံပါတ်က ဘာစာအုပ်ဆိုပြီးရေးပြီး ကပ်ထားတာရှိ တယ်။ စာဖတ်ချင်သူက သူ့ဟာသူ စာအုပ်စင်ကိုသွားပြီး ကြိုက်နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ စင်ပေါ်မှာရှိတဲ့ စာအုပ်တွေကို စာမြည်းလို့လည်း ရပါတယ်" ဟု ညွှန်ကြားရေးမှူး ဒေါ်ရီရီထွေးက ပြောသည်။
ဒုတိယထပ်ရှိ ရည်ညွှန်းစာဖတ်ခန်းတွင် ရည်ညွှန်းစာအုပ်များအပြင် မြန်မာနိုင်ငံအကြောင်း မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာများဖြင့် ထုတ်ဝေထားသော စာအုပ်၊ စာတမ်းများ၊ အစိုးရဌာနများမှ ထုတ်ဝေထားသော စာအုပ်များ၊ တိုင်းရင်းသားဘာသာစကားကို လေ့လာလိုသူများ၊ ကိုယ်တိုင်တတ်ကျွမ်း၍ ဖတ်ရှုလိုသူများအတွက် တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေထားသော စာအုပ်များ၊ ကုလသမဂ္ဂကထုတ်ဝေသည့် စာအုပ်များ၊ အာဆီယံနိုင်ငံများအကြောင်း ရေးသားထားသော စာအုပ်များ၊ နိုင်ငံခြား ဘာသာစကားအမျိုးမျိုးဖြင့် ရေးသားထားသည့် စာအုပ်များကိုလည်း စင်ဖွင့်စနစ်ဖြင့် ထားရှိပေးထားရာ စာဖတ်သူများအနေဖြင့် လွတ်လပ်စွာ လေ့လာဖတ်ရှုခွင့်ရမည်ဖြစ်သည်။ သို့ရာတွင် ရည်ညွှန်းစာဖတ်ခန်းမှ စာအုပ်များကို ပြင်ပသို့ ငှားရမ်းခွင့်ပြုမည်ကား မဟုတ်ပေ။
ထိုဒုတိယထပ်မှာပင် စာဖတ်ခန်းများကို ကျော်လွန်ပြီး ရှေ့ဆက်သွားမည်ဆိုပါက အမျိုးသားစာကြည့်တိုက်မှ အပြည့်စုံဆုံးဖြစ်အောင် စနစ်တကျ လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သည့် ၁၉၄၈ ခုနှစ် မတိုင်မီက ထွက်ရှိခဲ့သည့် စာအုပ်များ၊ ၁၉၆၂ ခုနှစ်မတိုင်ခင်က ထွက်ရှိခဲ့သည့် စာနယ်ဇင်းများ၊ ကင်းဝန်မင်းကြီးပေစာစု၊ ပုဂံဝန်ထောက် ဦးတင်ပေစာစု၊ ဘာနာဒ်ပေစာစု အစရှိသည့် ပေ၊ ပုရပိုက်များ၊ လက်ရေးစာများ၊ မြန်မာနိုင်ငံတွင် ပထမဆုံးထွက်ရှိခဲ့သည့် THE MAULMAIN CHRONICLE သတင်းစာ၊ မင်းတုန်းမင်းလက်ထက်က ထုတ်ဝေခဲ့သည့် ရတနာပုံနေပြည်တော် သတင်းစာအပါအဝင် ခေတ်အဆက်ဆက် ထွက်ရှိခဲ့သည့် သတင်းစာများ၊ ရှားပါးစာအုပ်စာပေများ စာနယ်ဇင်းများ စသည့် သုတေသနပညာရှင်များအတွက် လွန်စွာတန်ဖိုးကြီးသော မူရင်းအထောက်အထားများကို သူ့အကန့်နှင့်သူ စနစ်တကျ သိမ်းဆည်းထိန်းသိမ်းထားသည်ကို တွေ့ရမည်ဖြစ်သည်။
“ဒါတွေက မငှားဘူး။ ဒီမှာပဲ ဖတ်ရမယ်။ များသောအားဖြင့် ကွန်ပျူတာမှာ Digital Format ပြောင်းထားပြီးသားတွေကိုပဲ ဖတ်လို့ရမယ်။ အဲဒါတွေကို သုတေသနသမားတွေ မူရင်းအထောက်အထားတွေ ကြည့်ဖို့လိုမယ်ဆိုမှ မူရင်းအထောက်အထားတွေပြမယ်။ ဒီအတိုင်းဆို ထုတ်ပေးမှာ မဟုတ်ပါဘူး” ဟု ညွှန်ကြားရေးမှူး ဒေါ်ရီရီထွေးက ပြောသည်။
ထို့ပြင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အတွင်းရှိ စာအုပ်များကို(Radio Frequency Identification ) ခေတ်မီအချက်ပြလုံခြုံရေးနည်းစနစ် ထည့်သွင်းထားပြီး ပြင်ပသို့ အလွယ်တကူယူဆောင်မသွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ကလေးငယ်များ နှစ်ခြိုက်စေမည့် တတိယထပ် အပြင်အဆင်
ကလေးများ စာကြည့်တိုက်နှင့် ရင်းနှီးစေရန်နှင့် စာဖတ်ခြင်းအလေ့အကျင့် ပျိုးထောင်ပေးရန် ရည်ရွယ်၍ ထည့်သွင်းထားသည့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၏ တတိယထပ်ရှိ ကလေးစာကြည့်တိုက်ခန်းမအတွင်း ကလေးကြိုက်စာအုပ် စာပေများဖြစ်သည့် ( ကာတွန်းစာအုပ်များ၊ ပုံပြင်စာအုပ်များသာမက ဆေးရောင်စုံပန်းချီများ၊ အရောင်အသွေးစုံလင်လှသော ဆိုဖာထိုင်ခုံလှလှလေးများ၊ ကလေးကစားစရာ ရိုးရာအရုပ်လေးများ ခင်းကျင်းပြင်ဆင်ထားမှုများနှင့်အတူ တစ်ဖက်ကပ်လျက်အခန်းရှိ ကလေးငယ်များအတွက် ပုံပြင်ပြောခန်းကို ထည့်သွင်းစီစဉ်ပေးထားမှုကလည်း စာကြည့်တိုက်သို့ ကလေးငယ်များအား လာချင့်စဖွယ် ဖြစ်အောင် ဖိတ်ခေါ်နေသလိုပင်။
“ကလေးတွေပျော်ရွှင်အောင်၊ စာကြည့်တိုက်နဲ့ ရင်းနှီးအောင် ကလေးတွေ ဒီကိုလာရင် စာဖတ်တာ ချည်းပဲ မဟုတ်ဘဲ ကလေးတွေအတွက် ကစားစရာတွေ အစုံပါတယ်။ စာကြည့်တိုက်က သူတို့ သွားနေကျ၊ လာနေကျနေရာလိုမျိုး ဖြစ်စေချင်တယ်။ အဓိက စာကြည့်တိုက်နဲ့ရင်းနှီးပြီး စာဖတ်တဲ့အလေ့အကျင့်တွေ ပါသွားစေချင်တာ” ဟု ညွှန်ကြားရေးမှူး ဒေါ်ရီရီထွေးက ပြောသည်။
မသန်စွမ်းသူတို့အတွက်စာဖတ်ခန်း
စာကြည့်တိုက်တော်တော်များများ၌ တွေ့ရခဲသည့် မသန်စွမ်းစာဖတ်ခန်းတစ်ခုကို အမြင်အာရုံ၊ အကြားအာရုံ ချို့ယွင်းချက်ရှိသူများအတွက် မသန်စွမ်းအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ကူညီမှု၊ အကြံပေးချက်များကိုရယူကာ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ထည့်သွင်းဆောင်ရွက်ပေးထားသည်။
အဆိုပါ မသန်စွမ်းစာဖတ်ခန်းတွင် မျက်မမြင်စာပေဖြင့် ရေးသားထားသည့် ဗဟုသုတဖြစ်ဖွယ်၊ စိတ်အား တက်ကြွဖွယ်၊ စာအုပ်စာပေမျိုးစုံထားရှိပေးထားပြီး စာပေလေ့လာဖတ်ရှုနိုင်ရန် အသံ File စာအုပ်များ စီစဉ်ထားရှိပေးထားရာ အမြင်အာရုံ၊ အကြားအာရုံ ချို့ယွင်းချက်ရှိသော်လည်း စာဖတ်ဝါသနာပါသူတို့ အတွက် များစွာစိတ်ကျေနပ်မှု ရရှိစေမည်မှာ အမှန်ပင် ဖြစ်သည်။
“မသန်စွမ်းအဖွဲ့အစည်းတွေက အစပိုင်းမှာ လာကူညီကြမှာဖြစ်ပါတယ်။ အမြင်အာရုံ ချို့ယွင်းချက်ရှိသူတွေအတွက် စိတ်အားတက်ကြွစေတဲ့ စာအုပ်တွေ၊ ဂျာနယ်ကျော်မမလေးရဲ့ သွေးတို့လို စာအုပ်တွေ၊ ပုံပြင်တွေ မျက်မမြင်စာပေနဲ့ ပြန်ရေးထားတာရှိတယ်။ အဲဒါမျိုးတွေ စုဆောင်းပေးထားတယ်၊ စာကြည့်တိုက်ဘက်က တတ်နိုင်တဲ့ဘက်က ပုံဖော်ပေးထားတာပါ”ဟု ညွှန်ကြားရေးမှူး ဒေါ်ရီရီထွေးက ပြောသည်။
ထိုအထပ်တွင်ပင် ဘွဲ့လွန်စာကြည့်တိုက်ဒီပလိုမာ သင်တန်းအခန်း၊ ရက်တိုသင်တန်းများ ဖွင့်လှစ်နိုင်သည့် သင်တန်းခန်းများနှင့် သီးသန့်အုပ်စုလိုက် ဆွေးနွေးနိုင်မည့် အထူးစာဖတ်ခန်းများ ပါဝင်မည်ဖြစ်ပြီး ခေါင်မိုးထပ်တွင် စာဖတ်ရင်း ရန်ကုန်မြို့၏ အလှအပ၊ မြင်ကွင်းများကို ကြည့်ရှုခံစားနိုင်မည့် ကော်ဖီဆိုင်တစ်ခုကိုလည်း ဖွင့်လှစ်ရန် စီစဉ်နေဆဲဖြစ်သည်။
မကြာမီဖွင့်လှစ်တော့မည့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ကို မြန်မာနိုင်ငံသား မည်သူမဆိုလွတ်လပ်စွာ အသုံးပြုနိုင်ပြီး အမျိုးသားစာကြည့်တိုက်တွင် စာပေဖတ်ရှု လိုပါက စာကြည့်တိုက်၏ မှတ်ပုံတင်ဌာနစိတ် (Information Desk) တွင် အထောက်အထား တစ်ခုခုကိုပြ၍ စာရင်းသွင်းရမည် ဖြစ်သည်။ ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ်၊ ဧည့်နိုင်ငံသားလက်မှတ်ပြ၍ စာရင်းသွင်းရမည်။ အသက်(၁၂)နှစ်အောက် ကလေးစာဖတ်သူများသည် အုပ်ထိန်းသူတစ်ဦးဦးနှင့်အတူ လာရောက်ဖတ်ရှုနိုင်မည်ဖြစ်သည်။
အဆိုပါ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် စာအုပ်စာတမ်းများ၊ စာနယ်ဇင်းမဂ္ဂဇင်း၊ စာစောင်များ၊ ပေ၊ ပုရပိုက်များ၊ လက်ရေးစာ ရှားပါးစာစုများ စုဆောင်းထားရှိပြီး စာကြည့်တိုက်တွင် ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားခြင်း၊ တချို့စာအုပ်များကို ငှားရမ်းခွင့်ပြုခြင်း၊ သုတေသနနှင့် မှတ်တမ်းထားရှိလိုသူများအတွက် စာကြည့်တိုက်၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခြင်းတို့ဖြင့် စာပေယဉ်ကျေးမှု သမိုင်းဆိုင်ရာ အချက်အလက်များအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ဧပြီလ ပထမပတ်တွင် ဖွင့်လှစ်ရန် ကြိုးပမ်းလျက်ရှိ
အသစ်ဖွင့်လှစ်ရန် ပြင်ဆင်မွမ်းမံနေသည့် အမျိုးသား စာကြည့်တိုက်(ရန်ကုန်)၏ ပြင်ဆင်မွမ်းမံမှု အပိုင်းများသည်လည်း ပြီးဆုံးတော့မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလပထမပတ်တွင် ဖွင့်လှစ်ရန် ကြိုးပမ်းလျက်ရှိရာ ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ်စာရင်းဝင် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ သမိုင်းဝင် အဆောက်အဦကြီးထဲတွင် ရှေးမူလက်ရာမပျက် ပြင်ဆင်ထားသည့် ဗိသုကာ လက်ရာများနှင့်အတူ ခေတ်မီလေအေးပေးစက်များ တပ်ဆင်ထားသည့် စာဖတ်ခန်းများတွင် စိတ်လက် အပန်းဖြေအနားယူရင်း စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာ အမွေအနှစ်များ ဗဟုသုတဖြစ်ဖွယ်ရာ အချက်အလက်များကို လေ့လာခွင့် ရရှိနိုင်တော့မည် ဖြစ်သည်။
အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါ်ရီရီထွေးက “အမျိုးသားစာကြည့်တိုက်က နိုင်ငံကို ကိုယ်စားပြုပါတယ်။ မြန်မာနိုင်ငံသားအားလုံး အသက်အရွယ်၊ ပညာအရည်အချင်း မခွဲခြားပါဘူး။ မည်သူမဆို အမျိုးသားစာကြည့်တိုက်ကို လာရောက် အသုံးပြုကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု စကားဆိုသည်။
သတင်းဆောင်းပါး - သီသီမင်း၊ ဓာတ်ပုံ - နေလင်း