၄ မတ်

 

ရန်ကုန်မြို့သည် တိုင်းပြည် GDP ၏ ၂၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေသော တိုင်းဒေသကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဟာ ရှစ်ရာခိုင်နှုန်းရှိသောကြောင့် တိုင်းဒေသကြီး စီးပွားရေးကျဆင်းလျှင် တိုင်းပြည်စီးပွားရေး ကျဆင်းစေမည်မှာ အမှန်ပင် ဖြစ်ပါတယ်။ ကျန်သော တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ အများဆုံး ၆ ဒသမ ၈ အထိသာ စီးပွားရေးတိုးတက်မှု ရာခိုင်နှုန်းရှိသောကြောင့် ဖြစ်ပါတယ်။ စီးပွားရေး အဆောက်အအုံများနှင့် လူ့စွမ်းအားအရင်းအမြစ်များရှိနေသော ရန်ကုန်တိုင်းဒေသကြီးမှာ စီးပွားရေးရင်းနှီး မြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်နိုင်ပါက နိုင်ငံစီးပွားရေးကို အချိန်တိုအတွင်း ဆွဲတင်နိုင် မှာဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံတော်မှ ရန်ကုန်တိုင်းဒေသကြီးကို စီးပွားရေးအရ ရင်းနှီးမြှုပ်နှံရာမြို့ကြီးအဖြစ် မူဝါဒချမှတ်ခဲ့မှုအပေါ် လက်တွေ့အကောင်အထည်ဖော်နေခြင်း ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုများကိုလည်း တံခါးဖွင့်ဖိတ်ခေါ်လျက်ရှိရာ ယခုအခါ ရန်ကုန်မြို့၏ မိုးပျံရထားနှင့်အတူ မိုးပျံအမြန်လမ်းကို ရန်ကုန်တိုင်းဒေသကြီးတွင် တည်ဆောက်မှာဖြစ်၍ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းငါးနိုင်ငံမှ အဖွဲ့ပေါင်း ၁ဝ ဖွဲ့အား အရည်အချင်းစစ်အောင်မြင်ခဲ့ပြီး ဖြစ်ပါတယ်။ စီမံကိန်းလုပ်ဆောင်ရန် အောင်မြင်သူများကို ၂၀၂၀ ပြည့်နှစ် မေလအတွင်း Winner Bidder ကို ကြောမည်ဖြစ်ပြီး ဇူလိုင်လတွင် စီမံကိန်း၏ Ground Breaking Ceremony ကို စတင်ဆောင်ရွက်ရန် လျာထား၍ ဆောက်လုပ်ရေး လုပ်ငန်းများကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်တည်ဆောက်မှာ ဖြစ်ပါတယ်။ တည်ဆောက်ရေးကာလမှာ သုံးနှစ်ခွဲဖြစ်ပါတယ်။

 

တိုင်းပြည်စီးပွားဖွံ့ဖြိုးရေး

 

နိုင်ငံ့စီးပွားရေးတိုးတက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင် ရင်းနှီးမြှုပ်နှံပါက ရန်ကုန်တိုင်းဒေသကြီးမှ ၈၂ ဒသမ ၃ ရာခိုင်နှုန်း ပြန်လည်ရရှိသောကြောင့် ရန်ကုန်မြို့သည် အခြားသော ဒေသများထက် အားသာချက်ရှိနေသော တိုင်းဒေသကြီး ဖြစ်သည်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်လာ မှုနှင့် ဟန်ချက်ညီစေမည့် စီမံကိန်းများကို ဖော်ဆောင်နေခြင်းလည်း ဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းဖြစ်သည့် မိုးပျံအမြန်လမ်းဆောင်ရွက်မှုသည် ပြည်တွင်းအလုပ်သမားများ သုံးနှစ်ကျော်အလုပ်အကိုင် အခွင့်အလမ်းများရရှိစေမည့်အပြင် လုပ်ငန်းနှင့်ဆက်စပ်သော စီးပွားရေးကဏ္ဍများ၏ အကျိုးကျေးဇူးကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။ ရန်ကုန်မိုးပျံအမြန်လမ်းသည် နေ့စဉ် ယာဉ်ကြောကျပ်တည်းမှုကို ကြုံတွေ့နေရသော တိုင်းဒေသကြီးအတွက် ဖြေလျှော့စေမှာဖြစ်သည်။ ရန်ကုန်မြစ်ကူးတံတား၊ ပဲခူးမြစ်ကူးတံတား (သန်လျင် အမှတ်(၃) တံတား)၊ ရန်ကုန်မိုးပျံရထားနှင့် မိုးပျံအမြန်လမ်းတို့သည် ရန်ကုန်မြို့နေပြည်သူ တို့အနေဖြင့် တစ်သက်တွင် တစ်ကြိမ်သာ ကြုံဆုံရသည့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်ပါတယ်။

 

PPP စီမံကိန်းအဖြစ်

 

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း အပိုင်း(၁)သည် Yangon Inner Ring Road Project ၏ အရှေးဘက်နှင့် အရှေ့အနောက်ခြမ်း East and East-West Section အဖြစ် အရှည် ၂၇ ဒသမ ၅ ကီလိုမီတာအရှည်ကို စတင်ဆောင်ရွက်မှာဖြစ်ပြီး စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာသန်း ၉၀၀ ခန့် ခန့်မှန်းထားပါတယ်။ ရန်ကုန်မိုးပျံအမြန်လမ်းကို တည်ဆောက်ရခြင်းမှာ ယာဉ်ကြောကျပ်တည်းမှု လျှော့ချနိုင်ရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်၊ အခြေခံအဆောက်အဦကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာစေရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု Foring Direct Investment တိုးတက်လာစေရန်နှင့် နိုင်ငံ၏စီးပွားရေး ယှဉ်ပြိုင်နိုင်မှုစွမ်းရည် တိုးတက်လာစေရန် စသော ရည်ရွယ်ချက်တို့ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ Public Private Partnership (PPP)စီမံကိန်းအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

 

တည်ဆောက်မှုအပိုင်း

 

ရန်ကုန်မိုးပျံအမြန်လမ်း၏ ပင်မလမ်းကြောင်းသည် လေးလမ်းသွားမိုးပျံလမ်းဖြစ်ပြီး ဒေါပုံတံတားအဆင်းမှ စတင်၍ ရန်ကုန်လေဆိပ်သို့ ဆက်သွယ်သည့်လမ်းသည် သုံးလမ်းများဖြစ်သည်။ အထက်ပုဇွန်တောင်လမ်း၊ ဝေဇယန္တာလမ်း၊ သုဓမ္မာလမ်းနှင့် မြောက်ဘက်တွင် ခရေပင်လမ်း အပါအဝင် အောက်မင်္ဂလာဒုံလမ်းဆုံအထိ ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ဟာ လမ်းအူကြောင်း ဖြတ်သန်းမည့် မြို့နယ်များဖြစ်ပါတယ်။ မိုးပျံအမြန်လမ်းဖြစ်တာကြောင့် စီမံကိန်းကို ယခုလက်ရှိ လမ်းမများ၏ အလယ်မှာသာ များသောအားဖြင့် တည်ဆောက်သွားမယ့် တံတားတစ်စင်းလည်းဖြစ်ပါတယ်။ တည် ဆောက်မှုအပိုင်းတွင် အပိုင်း(၁)၌ အရှေ့ဘက် အပိုင်း( Section-1)ကို ၁၈ ဒသမ ၉ ကီလို မီတာ၊ အရှေ့အနောက်အပိုင်း (Section-2) ကို ၆ ကီလိုမီတာနှင့် လေဆိပ်ဆက်သွယ်ရေးလမ်း ၂ ဒသမ ၇ ကီလိုမီတာ တံတားအရှည်တို့ဖြင့် စုစုပေါင်း ၂၇ ဒသမ ၆ ကီလို မီတာဖြစ်ပါတယ်။ ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအပိုင်း(၂)တွင် အနောက်ဘက်အပိုင်းမှာ ၁၆ ဒသမ ၅ကီလိုမီတာ ရှည်လျားပြီး အပိုင်း(၁)နှင့် အပိုင်း(၂)၏ ရန်ကုန်အတွင်း ပတ်လမ်း အရှည်မှာ စုစုပေါင်း ၄၄ ဒသမ ၁ ကီလိုမီတာ ရှိပါတယ်။

 

ရန်ကုန်မြို့၏ မိုးပျံအမြန်လမ်းကို ၂၀၂၅ ခုနှစ် မေလတွင် စတင်အသုံးပြုနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး စီမံကိန်းလျာထားမှုနှင့် စပ်လျဉ်း၍ အပြောင်းအလဲများဖြစ်ပေါ်ပါက အများပြည်သူသိရှိနိုင်ရန် စီမံကိန်း အင်တာနက်ဝက်ဘ်ဆိုက်ဖြစ်သော www.yex-moc.com.mm တွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်းသည် မြန်မာ နိုင်ငံ၏ပမာဏကြီးမားသော ပထမဆုံး PPP စီမံကိန်းလည်းဖြစ်တာကြောင့် စီမံကိန်းအကြံပေးအဖြစ် ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ်သော အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း International Finance Corporation (IFC)က တာဝန်ယူဆောင်ရွက်ပေးလျက် ရှိပါတယ်။ နိုင်ငံတော်အနေနဲ့ စီမံကိန်းဆောင် ရွက်ခွင့်ရရှိတဲ့ အဖွဲ့အစည်းတို့ကို စီမံကိန်းအတွက် လိုအပ်တဲ့ မြေနေရာနဲ့ ဘဏ္ဍာရေး ကွာဟချက်အချို့ကို ပံ့ပိုးကူညီမှာဖြစ်ပြီး ထိုစီမံကိန်းကိုဆောင်ရွက်ခွင့်ရရှိတဲ့ အဖွဲ့အစည်းများက စီမံကိန်းကုန်ကျစရိတ်ကို တာဝန်ယူရမှာ ဖြစ်ပါတယ်။

 

အကောင်အထည်ဖော်ဆောင်ရွက်

 

ရန်ကုန်မြို့၏လမ်းအသုံးပြု အကျယ်အဝန်းမှာ အလွန်နည်းပါးလာလျက်ရှိပြီး ရန်ကုန်မြို့၏ လမ်းဧရိယာသည် စုစုပေါင်း မြို့ဧရိယာ၏ ၄ ဒသမ ၅ ရာခိုင်နှုန်းသာရှိရာ ဒေသတွင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ခုနှစ်ရာခိုင်နှုန်းထိရှိပါတယ်။ ထို့ကြောင့် ယာဉ်များသွားလာမှု မြန်ဆန်ချောမွေ့စေရန် မိုးပျံရထားနှင့် မိုးပျံအမြန်လမ်းကို တည်ဆောက်ခြင်းဖြစ်ရာ မိုးပျံအမြန်လမ်းစီမံကိန်းအား Inner Ring Road(IRR)အဖြစ် တည်ဆောက်ခြင်း ဖြစ်ပါတယ်။ အာရှတိုက်၏ အကြီးဆုံးမြို့တော်များတွင် Ring Road များကို တည်ဆောက်ထားကြပြီး လမ်းပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန်နှင့် လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်စေရန် ဗန်ကောက်၊ ဆိုးလ်၊ တိုကျို၊ ကွာလာ လမ်ပူ၊ ဒါကာနှင့် တရုတ်နိုင်ငံရှိ မြို့များတွင် တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်း ဆောင်ရွက်ခွင့်ရရှိသော အဖွဲ့အစည်းများသည် သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများရှိခဲ့ပါက လျော်ကြေးပေးဆောင်ရွက်မှုနှင့် ပြန်လည်နေရာချထားရေး၊ အထောက်အပံ့ပေးရေးနှင့် ထိခိုက်နစ်နာမှုနည်းနိုင်သမျှ အနည်းဆုံးဖြင့် စီမံကိန်းကိုအကောင်အထည် ဖော်ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

 

၂၇ ဒသမ ၆ ကီလိုမီတာ ရှည်လျားသော ရန်ကုန်မိုးပျံအမြန်လမ်းသည် ဒေါပုံတံတားထိပ် မှ စတင်မည်ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းကိုဖြတ်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဝင်ရောက်ကာ မင်္ဂလာဒုံစက်မှုဇုန်တွင် ချိုးကွေ့၍ အောက်မင်္ဂလာဒုံလမ်းဆုံ၌ Phase-1 ကို ရပ်နားမှာဖြစ်ပါတယ်။ Phase- 2 ကတော့ အောက်မင်္ဂလာဒုံလမ်းဆုံမှ ကမ်းနားလမ်းအပိုင်းဖြစ်ပါတယ်။

 

သန်းထိုက်