၄ မတ်
အသားအရေကြည်လင်ခြင်း က အလှတိုးစေသလို အလှပြင်ဖို့ စိတ်မဝင်စားတဲ့ လေဒီလေးတွေ အတွက်လည်း တော်တော်လေး အဆင်ပြေစေတဲ့အချက်တစ်ခုပါ။ ဒါပေမယ့် အလှမပြင်ချင်ဘူး ဆိုရင်တောင် အသားအရေထိန်းသိမ်းဖို့တော့လိုပါတယ်။ ဒီတစ်ခေါက်တော့ အသားအရေ ကြည်ကြည်လင်လင်လေးနဲ့ လှနေသူတွေရဲ့ နေ့စဉ်အလေ့အထတွေက ဘာတွေများလဲဆိုတာကို ပြောပြပေးမယ်နော်။
အသားအရေကြည်လင်ခြင်းကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း
ကြည်လင်တဲ့ အသားအရေဆိုတာက အသားအရောင်ညီညာပြီး၊ အစက်အပြောက်တွေမရှိရပါဘူး။ အဆီပြန်တာမျိုးမရှိရပါဘူး။ ချွေးပေါက်ကျယ်နေတာမျိုးမရှိရပါဘူး။ ဝက်ခြံနဲ့ အဆီဖုတွေလည်း မရှိရပါဘူး။ အရေပြားပြဿနာကင်းစင်နေတဲ့အသားအရေမျိုးပါ။
ကြည်လင်တဲ့အသားအရေ ပိုင်ရှင်တွေရဲ့ လျှို့ဝှက်ချက်
အသားအရေကြည်လင်သူ တော်တော်များများမှာ အခုလို အလေ့အထလေးတွေပိုင်ဆိုင်ထားကြပါတယ်။
တစ်နေ့နှစ်ကြိမ် မျက်နှာသစ်တယ်
အသားအရေကြည်လင်သူတွေက အလှပြင်ဖို့ စိတ်မဝင်စားဖူးဆိုရင်တောင် တစ်နေ့ကို နှစ်ကြိမ်ပုံမှန် မျက်နှာသစ်တတ်ကြပါတယ်။ မနက်နိုးတဲ့အချိန် တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ်ပါ။ ဒါမှ အရေပြားပေါ်က ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေ ကို အထိရောက်ဆုံးဖယ်ရှားနိုင်မှာပါ။
အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးရွေးသုံးတယ်
မျက်နှာသစ်ဆေးတိုင်းက မျက်နှာအသားအရေကို သန့်စင်ပေးတယ်ဆိုပေမယ့် အသားအရေနဲ့ လိုက်ဖက်မှုမရှိရင် ထိရောက်မှုအားနည်းပါတယ်။ နောက်တစ်ချက်က အရမ်းပြင်းတဲ့ မျက်နှာသစ် ဆေးတွေက အရေပြားကို ခြောက်သွေ့ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အသားအရေကို ကြည်လင်ကျန်းမာချင်တယ်ဆိုရင် ဒီအချက်လေးကို သတိထားဖို့လိုပါမယ်။
ရေလုံလောက်အောင် သောက်ကြတယ်
ရေဓာတ်က အသားအရေတင်မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို ကျန်းမာစေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် အသားအရေကို ကြည်လင်လှပချင်တယ်ဆိုရင် မေ့ထားလို့မဖြစ်တဲ့အချက်တစ်ခုက ရေလုံလောက်အောင် သောက်ဖို့ပါ။ အသားအရေကြည်လင်သူလေးတွေက တစ်နေ့ကို အနည်းဆုံးရေ ၂ လီတာ ကုန်အောင် သောက်တတ် ကြပါတယ်။
အသီးအရွက် စားတယ်
ဟင်းသီးဟင်းရွက်တွေ စားသုံးပေးတာက အသားအရေကို ကြည်လင်စေဖို့ အများကြီး အထောက်အကူပြု ပေးနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် A၊ ဗီတာမင် C နဲ့ အခြားသော အကျိုးပြု အာဟာရတွေကြွယ်ဝစွာ ပါဝင်နေမှုက အသားအရေကို ကြည်လင်လှပစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ သစ်သီး ဒါမှမဟုတ် ဟင်းသီးဟင်းရွက် တစ်ခုခုကို စားပါ။
ဝမ်းမှန်တယ်
ဝမ်းမှန်တာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ဝမ်းမှန်တာက ခန္ဓာကိုယ်မှာ ရောဂါကင်းစေသလို အသားအရေကိုလည်း ကြည်လင်စေနိုင်ပါတယ်။ ဝက်ခြံကင်းစေဖို့လည်း အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် အမျှင်ဓာတ်ကြွယ်ဝတာတွေ စားပြီး ဝမ်းမှန်အောင် ဂရုစိုက်ဖို့ မမေ့ပါနဲ့။
ကိုယ်လက်လှုပ်ရှားမှု ရှိတယ်
အသားအရေကြည်လင်သူလေးတွေက ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်တတ်ကြပါတယ်။ သူတို့လေးတွေက အများကြီး မဟုတ်ရင်တောင် တစ်ပတ်မှာ အနည်းဆုံး ၃ နာရီနဲ့ အထက် ကိုယ်လက် လှုပ်ရှားမှု လုပ်လေ့ရှိကြပါတယ်။ ဒီလိုလုပ်ပေးတာက ချွေးနဲ့အတူ ကိုယ်တွင်းက အဆိပ်အတောက် တွေကို ဖယ်ရှားပေးပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ဒါကလည်း အသားအရေကြည်လင် စေတဲ့ အချက်တွေထဲက တစ်ခုပါ။
အိပ်ရေးဝဝ အိပ်ကြတယ်
အသားလေးကြည်နေတယ်ဆို မေးကြည့်လိုက် သူတို့လေးတွေက မစားရရင်နေနိုင်တယ်၊ မအိပ်ရရင် မနေနိုင်ဘူးဆိုတဲ့ သူလေးတွေများတယ်။ အကြောင်းကတော့ အိပ်ရေးဝတာက အသားအရေကို အများကြီး အထောက်အကူပြုလို့ပါပဲ။ တစ်နေ့ကို အိပ်ချိန် ၈ နာရီပြည့်ဝမှုက အရေပြား ပြဿနာကင်းစေပြီး အသားအရေကို ကြည်လင်စေမှာပါ။
အချိုများတာတွေ မစားပါဘူး
သကြားအစားများတာက အရေပြားကို ထိခိုက်စေပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသားအရေကြည်လင်ချင်တယ်ဆိုရင် သကြားလျှော့စားပါ။ အချိုများတာတွေ၊ အချိုရည်တွေကို ရှောင်ပါ။
ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားကြတယ်
အသားအရေကိုကြည်လင်စေတဲ့အချက်တစ်ခုက ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားတာပါ။ တစ်ပတ်ကိုတစ်ကြိမ်လောက် ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားပေးတာက အသားအရေကို ကြည်လင်စေမယ့် လျှို့ဝှက်ချက်တစ်ခုပါ။
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”