နမ့်ဆန် ၄ မတ်

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် နမ္မဝေါရပ်ကွက် တောင်ဘက်ခြမ်းတွင် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရံပုံငွေဖြင့် အသစ်တည်ဆောက်လျက်ရှိသည့် ဘောလုံးကွင်း လုပ်ငန်းပြီးစီးမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွဏ်း၊ ဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးသိန်းဇော်၊ ခရိုင်အားကာမှူး ဒေါ်သန်းရွှေမာနှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီများတို့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရဿည်။

 

အဆိုပါ ဘောလုံးကွင်း လုပ်ငန်းဆောင်ရွက်မှုနှင့် ပြီးစီးမှုအခြေအနေများကို မိုင်ဘရားသား ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ခံအင်ဂျင်နီယာ ဦးသန့်ဇော်က လုပ်ငန်းပြီးစီးမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအခြေပြ မြေပုံကို ရှင်းလင်းဆောင်တွင် ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွဏ်းနှင့် ဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးသိန်းဇော်တို့က လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး ပြည့်မီအောင်ဆောင်ရွက်ရန်၊ ဘောလုံးကွင်းကြီး ပြီးစီးသွားပါက ရေရှည်ထိမ်းသိမ်းမှုအတွက် ဆောင်ရွက်ထားရန်နှင့် ကုမ္ပဏီမှ အနည်းဆုံး (၂) နှစ်အထိ အာမခံပေးရန် မှာကြားသည်။ ထို့နောက်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများတို့က လုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါဘောလုံးကွင်းသည် အလျားပေ (၆၀ဝ)၊ အနံပေ (၄၀ဝ) ခန့်အကျယ်ရှိပြီး  ပရိသတ်ပွဲကြည့်စင်များ၊ ဂါလန် (၁၅၀ဝ၀) ဆံ့ရေလှောင်ကန်၊ အများသုံးရေအိမ်နှင့် ဘောလုံးကွင်း အတွင်းပိုင်း မြက်ခင်းစိမ်းများပါ ထည့်သွင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)