ကျိုက်မရော ၄ မတ်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကွန်ပျူတာဘာသာကို အခြေခံမှစ၍ အသုံးပြုတတ်စေရန်၊ ဂီတအနုပညာဖြင့် စိတ်ပျော်ရွှင်မှု ရရှိစေရန်ရည်ရွယ်၍ အတ္တရံလူငယ် ပညာရေး ပရဟိတကွန်ရက်မှ ဦးဆောင်၍ နွေရာသီအခြေခံ ကွန်ပျူတာသင်တန်း အမှတ်စဉ် (၁၀) နှင့် (၁၁) သင်တန်းများကို မတ် ၁၃ ရက်နေ့ နံနက် ၉ နာရီမှစ၍ အတန်းလိုက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဂီတအနုပညာဝါနာပါသူများအတွက် အခြေခံဂီတပညာ သင်တန်းကိုပါ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းသို့ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများ တက်ရောက်နိုင်ပြီး သင်တန်းကို အခမဲ့သင်ကြားပေးသွားမည်ဖြစ်ရာ မည်သူမဆို လေ့လာသင်ယူနိုင်ကြောင်း အတ္တရံ လူငယ်ပညာရေး ပရဟိတကွန်ရက် တာဝန်ရှိသူထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


