ငါ့သရောက်  ၄  မတ် 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ ကုလားတဲကျေးရွာတွင် ကုလားတဲ လူငယ့်ရပ်ဝန်း လူငယ်စင်တာအား British Council ,Active Citizens Programme ၏ Social Action Project တစ်ခုအနေဖြင့် မြန်မာတစ်နိုင်ငံလုံး ဆယ်နေရာရွေးချယ်သည့်အထဲမှ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ကုလားတဲရွာပါဝင်ခဲ့ပြီး ကုလားတဲလူငယ့်ရပ်ဝန်း လူငယ်စင်တာအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောက်လုပ်ခဲ့ရာ ယခုအခါ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ကုလားတဲ ကျေးရွာ Project Officer အနေနှင့်အဓိက ဆောင်ရွက်နေသည့် ဒေသခံလူငယ် ကိုတင့်ထူးအောင်က ပြောကြားသည်။

 

632598

 

အဆိုပါ ကုလားတဲလူငယ့်ရပ်ဝန်း လူငယ်စင်တာဆောက်လုပ်ရန်အတွက် British Council ,Active Citizens Programme နှင့်ငါ့သရောက်မြို့ ကုလားတဲကျေးရွာ အသင်းအဖွဲ့တို့ပူးပေါင်းကာ အနာဂတ် လူငယ်မျိုး ဆက်များ၊ထက်မြက်သွက်လက်သည့် မျိုးဆက်များ၊ဘက်စုံထူးချွန်ထက်မြက်ပြီး နိုင်ငံ့သားကောင်းရတနာများ ပေါ်ပေါက်လာစေရန်ရည်ရွယ်ကာ ရပ်မိရပ်ဖများနှင့်ဆွေးနွေးတိုင်ပင်ပြီး လူငယ့်ရပ်ဝန်းလူငယ်စင်တာ ဆောက်လုပ်ခဲ့ရာ British Council ,Active Citizens Programme မှကျပ်သိန်း တစ်ရာ၊ကုလားတဲကျေးရွာ ပညာပါရမီ အသင်းမှ ငွေကျပ် သိန်းနှစ်ရာ၊ ကုလားတဲကျေးရွာ ရောင်ခြည်သစ်စာကြည့်တိုက်မှ ငွေကျပ်သိန်းတစ်ရာ၊ ဆရာတော် အရှင်မဏ္ဍလာဘိဝံသ မှ ကျပ်သိန်း ငါးဆယ်နှင့် ဒေသခံကျေးရွာပြည်သူများကလုပ်အားဖြင့် ဆောက်လုပ် လျက်ရှိကြောင်း၊ အဆောက်အအုံ ဒီဇိုင်းအား ပုဂံခေတ်အဆောက်အအုံပုံစံ ဒီဇိုင်းရေးဆွဲ ဆောက်လုပ်လျက်ရှိကြောင်း ကုလားတဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ပြောကြားသည်။

 

54120

 

ကုလားတဲလူငယ့်ရပ်ဝန်း လူငယ်စင်တာ ဆောက်လုပ်ပြီးစီးပါက သင်တန်းများဖွင့်လှစ်သွားမည်ဖြစ်ကာ လူငယ်စင်တာတွင် ကျေးရွာလူငယ်ထုအားလုံး ကျား၊မ မရွေးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စင်တာတွင် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သွားမည်ဖြစ်ကာ Active Citizens Cascade Training တက်ကြွလှုပ်ရှားနိုင်ငံသား သင်တန်း၊ e-Library Service ဖွင့်လှစ်ပေးထားခြင်း၊Youth Leadership Training လူငယ်ခေါင်းဆောင် မှုသင်တန်း၊ Women empowerment workshop အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲများ၊ English Language Class အင်္ဂလိပ်ဘာသာ စကားသင်တန်းများ၊ Youth Conversation and KaLaTel Talk လူငယ်စကားဝိုင်းများ ကျင်းပခြင်းနှင့် ကုလားတဲ လူငယ်စကားဝိုင်းများကျင်ပခြင်း၊ ကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ကုလားတဲကျေးရွာ Project Officer အနေနှင့်အဓိက ဆောင်ရွက်နေသည့် ဒေသခံလူငယ် ကိုတင့်ထူးအောင်ကပြောကြားသည်။

 

ကုလားတဲ ကျေးရွာသည် အိမ်ခြေ (၅၆၀)ရှိပြီး ၊လူဦးရေ (၃၂၀ဝ)ဦးရှိကြောင်း ၊အဆောက်အဦး အလျား ၅၀ ပေ၊ အနံ ၃၀ပေ ၊အမြင့် ၁၂ ပေ ရှိအဆောက်အဦဖြစ်ကြောင်း သိရကာ ကျပ်သိန်းလေးရာ့ငါးဆယ် ဖြင့်ဆောက်လုပ်နေကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း