မူဆယ် ၄ မတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကြက်ခြေနီတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိအသင်းအဖွဲ့များ ပူးပေါင်း၍ နယ်စပ်ဂိတ်များ၌ ကျန်းမာရေးစစ်ဆေးခြင်း၊ မူဆယ်မြို့ပေါ် ရပ်ကွက်အသီးသီး၌ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ပိုစတာကပ်ခြင်း၊ မူဆယ်မြို့အဝင်၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် နှစ်နိုင်ငံ၊ နယ်စပ်ဂိတ်(မန့်ဝိန်းဂိတ်)၌ ဆိုဒီယမ်ဟိုက်ပိုကလိုရစ် ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“မူဆယ်မြို့မှာ အခုလို ကြိုတင်ကာကွယ်မှုတွေကို အရှိန်အဟုန်မပျက် လုပ်ဆောင်တဲ့အတွက် ပြည်သူလူထုတွေကလည်း ကြိုတင်ကာကွယ်ရမယ်ဆိုတဲ့ အသိတရားတွေ ရရှိစေပါတယ်၊ ပြည်သူလူထုထံ ကူးစက်ပျံ့ပွားခြင်းမရှိစေရန် မြေပြင်မှာ ကွင်းဆင်းလုပ်ဆောင်ရတဲ့အတွက် သူတို့ရဲ့ကျန်းမာကို ပိုမိုလုံခြုံစေပါတယ်၊ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သူတို့ရဲ့ မိသားစု အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်တွေမှာ ကျန်းမာရေးအသိပညာတွေကို ပြန်လည်မျှဝေနိုင်ပါတယ်၊ မူဆယ်မြို့မှာ ပူးပေါင်းအဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို သိရှိနားလည်ပြီး ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ နှိုးကြားစေပါတယ်”ဟု ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုကော်မတီ (မူဆယ်)အဖွဲ့ဝင် ကဗျာဆရာမျိုးခိုင် (မူဆယ်)က ပြောသည်။
တရုတ်နိုင်ငံ၊ နယ်စပ်ဂိတ်များ(တရုတ်ဖက်ခြမ်း)၌ ကျန်းမာရေးအဆင့်အဆင့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံနှင့် ကပ်လျက်ရှိသည့် မူဆယ်မြို့၌လည်း ကြိုတင်ကာကွယ်မှုလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ခြင်းကြောင့် ရောဂါကူးစက်ခံရသူ မတွေ့ရှိရခြင်းနိုင်ဖြစ်ကြောင်း ကဗျာဆရာမျိုးခိုင်(မူဆယ်)က သုံးသပ်ပြောကြားသည်။
“မြန်မာ-တရုတ် နှစ်နိုင်ငံ အဓိကနယ်စပ်ဂိတ်တိုင်းမှာ နေ့စဉ်နှင့်အမျှ ကြိုတင်ကာကွယ်မှု လုပ်ဆောင်နေတဲ့အတွက် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတွေ၊ ပရဟိတအသင်း၊ ကြက်ခြေနီတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့တွေက တက်ညီလက်ညီ ဆောင်ရွက်တဲ့အတွက် လက်ရှိအချိန်အထိတော့ မူဆယ်မြို့မှာ ရောဂါကူးစက်ခံရသူ မတွေ့ရှိသေးပါဘူး၊ အင်မတန်ကောင်းမွန်တဲ့ ရလဒ်ကောင်းတစ်ခုလို့ ယူဆပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မူဆယ်မြို့၌ ဆိုဒီယမ်ဟိုက်ပိုကလိုရစ် ပိုးသတ်ဆေးဖျန်းခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


