မော်လိုက် ၅ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်း ၂၄ နာရီ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် မြို့မ(၂)ရပ်ကွက်၊ အောင်သာယာရပ်တွင် တည်ဆောက်ခဲ့သည့် ၆၆/၁၁ ကေဗွီ (၁၀ အမ်ဗွီအေ) ဓါတ်အားခွဲရုံသို့ ၆၆ ကေဗွီ ကလေးဝ-မော်လိုက်ဓါတ်အားလိုင်းတည်ဆောက်ခြင်းလုပ်ငန်းအနေဖြင့် ၈၁ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းအောင် ထံမှ သိရသည်။
အဆိုပါ ၆၆ ကေဗွီ ကလေးဝ-မော်လိုက် ဓါတ်အားလိုင်းတည်ဆောက်ခြင်းကို တင်ဒါအောင် ဟင်္သာနီကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ပြီး ဓါတ်အားလိုင်းမိုင် (၃၃ ဒသမ ၄) မိုင်ရှိ ဓါတ်အားလိုင်း အကွာအဝေးအတွင်း ကွန်ကရစ်တိုင်(၂၆၃)တိုင်၊ Steel Pole (၁၉)တိုင်နှင့် တာဝါတိုင်(၉၇)တိုင်တို့ကို ၂၀၁၉-ခုနှစ် ဇန်နဝါရီလမှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ(၈၁)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းနှင့် သတ်မှတ် ရက်မတိုင်မီပြီးစီးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မော်လိုက်မြို့တွင် လက်ရှိ ၈၀ဝ ကေဗွီအေ ဓါတ်အားပေးစက်ဖြင့် လျှပ်စစ်မီးသုံးစွဲသူ အိမ်ထောင်စု (၈၂၇)စုအတွက် ညပိုင်း(၆)နာရီမှ(၁၀)နာရီထိ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးချိန် လေးနာရီ ဖြန့်ဖြူး ပေးလျက်ရှိကြောင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးရေးအတွက်ကိုလည်း စံချိန်စံညွှန်းမီသော ဓါတ်အား လိုင်းအသစ်များ တည်ဆောက်ခြင်း၊ ဓါတ်အားလိုင်းများတိုးချဲ့ခြင်း၊ အိမ်များ၊ ကျောင်းများ၊ ရုံးများတွင် တပ်ဆင်အသုံးပြုလျက်ရှိသော ဟောင်းနွမ်းဆွေးမြေ့နေသည့် လျှပ်စစ်မီးကြိုးများ အသစ်လဲလှယ်တပ်ဆင် ခြင်းများကို ပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ယင်း ၆၆ ကေဗွီ ကလေးဝ-မော်လိုက် ဓါတ်အားလိုင်းများတည်ဆောက်ပြီးစီးပါက မော်လိုက်မြို့ ပေါ်ရပ်ကွက်များသို့ ၂၄ နာရီ လျှပ်စစ်ဓါတ်အားများ ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်၍ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စများတွင် များစွာအထောက်အကူပြု ဖွံ့ဖြိုးတိုးတက်လာနိုင်တော့မည်ဖြစ် ကြောင်း သိရသည်။
မော်လိုက်သားလေး


