သရက်ချောင်း  ၅  မတ်

 

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၀)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက အဖွင့်အမှာစကားပြောပြီး တနင်္သာရီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်းစန္ဒာကြည်က ယခုသင်တန်းကို မြို့နယ်အတွင်း ပြည်သူများ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက လူနှင့်တိရစ္ဆာန် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်နှင့် သဘာဝဘေးအန္တရာယ်များကျ ရောက်လာပါက လျင်မြန်စွာ တုန့်ပြန်ဖြေရှင်း ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း တက်ရောက်လာသော သင်တန်းသား သင်တန်းသူများမှလည်း ဂရုတစိုက် လေ့လာသင်ယူစေလိုကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာများ၊ ရပ်ရွာလူထုအခြေခံသော ဘေးအန္တရာယ် စီမံခန့်ခွဲမှုများ၊ ဘေးအန္တရာယ်နှင့် ပတ်သက်၍ ထိခိုက်မှုလျော့နည်းသက်သာစေရန် ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ ရှေးဦးသူနာပြုလုပ်ငန်းများ၊ အရေးပေါ်ကာလ ပြည်သူ့ကျန်းမာရေး လုပ်ဆောင်ခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ အကြောင်းကို မတ် ၅ ရက်မှ ၇ ရက်နေ့အထိ (၃) ရက်ကြာ စာတွေ့လက်တွေ့ ပို့ချသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သင်တန်းတွင် မြို့နယ်အတွင်းရှိ ရပ်ကျေးစာရေး ၂၂ ဦးနှင့် လူမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူ ၈ ဦး တက်ရောက် သင်ကြားလျက်ရှိသည်။

 

မျိုးချစ်ဦး(ပြန်/ဆက်)