ပခုက္ကူ  ၅  မတ်


အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာကော်မတီ (မကွေးတိုင်းဒေသကြီး)၏ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားတင်ပြနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာ(၁)ခန်းမ၌ အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။


ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေကြီးအစိုးရအဖွဲ့၊ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေက တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် တိုင်းဒေသကြီး၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းစီမံချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်းနှင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းပိုင်ရှင်များနှင့် အလုပ်သမားများ ဆွေးနွေးအကြံပြုကြရန်တို့ကို ရှင်းလင်းပြောကြားသည်။

 

a

 


ထို့နောက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီ (မကွေးတိုင်းဒေသကြီး) အတွင်းရေးမှူး၊ တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှူး ဦးကိုကိုလင်းက အစိုးရဌာနဆိုင်ရာများ၏ အခြေခံလစာနှုန်းထားများ၊ ပုဂ္ဂလိကလုပ်ငန်းများတွင် တွေ့ရှိရသော အခြေခံလုပ်သားလစာများ၊ ပုဂ္ဂလိကအခြေခံလုပ်သားများ၏ အခက်အခဲပြဿနာများအကြောင်းနှင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာကော်မတီ (မကွေးတိုင်းဒေသကြီး) ၏ လုပ်ငန်းစဉ်များ၊ လေ့လာစိစစ်ပြီး ထည့်သွင်းတွက်ချက်ရမည့် အချက်များကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးသည်။ 

 

a

 


ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ပခုက္ကူမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အလုပ်သမားများက အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် လုပ်ငန်းနည်းလမ်းများ၊ နိုင်ငံ၏ ဈေးကွက်အခြေအနေများနှင့် ကျေးလက်ဒေသလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်နိုင်မှု အခြေအနေအကြောင်းတို့ကို အသီးသီး ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


ပခုက္ကူမြို့တွင် ဟိုတယ်၊ မိုတယ်များ၊ ဘဏ်များ၊ ကိုယ်ပိုင်ကျောင်းများ၊ အထည်ချုပ်စက်ရုံများ၊ သစ်စက်ရုံများ၊ ဆေးရုံများ၊ ဆေးဆိုင်၊ ဆေးပေးခန်းများ၊ အသေးစားကုမ္ပဏီ လုပ်ငန်းများနှင့် အခြားသော စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများ စသည့် ပုဂ္ဂလိက ပိုင်လုပ်ငန်းများ စုစုပေါင်း (၅၀)ကျော်ရှိကြောင်း သိရသည်။


ဆလိုင်းကိုကီး(ပြန်/ဆက်)