မန္တလေး ၅ မတ်
မန္တလေးမြို့ရှိ မဟာမုနိဘုရား၏ အောက်ခံပုလ္လင်နောက်ကျော စမခဏ်အက်ကွဲမှုအား စစ်တမ်းများ စုဆောင်းကောက်ယူ၍ ရေတိုရေရှည်စီမံကိန်းများ ချမှတ်ကာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။
အဆိုပါဘုရား၏ စမခဏ်အက်ကွဲမှုများအား ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲကို မတ် ၄ ရက်က ဘုရားကြီး ဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး ရေရှည်တည်တံ့စေရေးအတွက် ပြုပြင်မှုလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုနှင့်အတူ ကော်မတီဖွဲ့စည်း၍ မတ် ၅ ရက်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“လက်ရှိမှာ ဘုရားကြီးရဲ့ အောက်ခံပုလ္လင်တော် စမခဏ်ကွဲအက်မှုက ၃ နေရာရှိတယ်။ ဒီအက်ကွဲနေတဲ့ နေရာတွေက မဆလာကိုင်ထားတဲ့နေရာတွေ ဖြစ်တဲ့အတွက် ဒီမဆလာကိုင်ထားတဲ့အလွှာတွေကို တစ်လွှာချင်း ဖယ်ရှားပြီး အောက်ခံကြေးထုအတွင်းမှာ အက်ကြောင်း ရှိ၊ မရှိကို စစ်ဆေးပြီး ရေတိုစီမံကိန်းအနေနဲ့ အနူးညံ့ဆုံး ပြန်လည်ပြုပြင်သွားမှာပါ။ ရေရှည်ပြုပြင်ထိန်းသိမ်းမှုအနေနဲ့ ဒီဘုရားကြီး သွန်းလောင်းစဉ်အချိန်က ရှိခဲ့တဲ့ မူလပုံသဏ္ဍာန် အလေးချိန်နဲ့ လက်ရှိ ရွှေသင်္ကန်းကပ်လှူလို့ ရာစုနှစ်အတွင်းမှာ ကြီးထွားဖွံ့ဖြိုးလာတဲ့ ဘုရားရဲ့ ကိုယ်လုံးတော်ရဲ့ ရွှေအလေးချိန်ကို တွက်ချက်ပြီး ဘယ်လိုနည်းလမ်းနဲ့ ဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတဲ့ ကိစ္စအပြင် ဘုရားရဲ့ ကိုယ်ထည်ပေါ်မှာ အပြစ်အနာအဆာ ရှိ၊ မရှိကို ခေတ်မီနည်းပညာရပ်ဖြစ်တဲ့ အသံလှိုင်းစစ်ဆေးမှုကိရိယာနဲ့ တိုင်းတာမှုတွေ ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ပြောသည်။
မဟာမုနိဘုရားတွင် လက်ရှိဖြစ်ပေါ်နေသည့် အက်ကွဲမှုများကြောင့် ဘုရားကြီးအား လတ်တလော ထိခိုက်မှုမရှိနိုင်သော်လည်း နောင်နှစ်ပေါင်းရာချီ ခံနိုင်မှုရှိစေရန်အတွက် ခေတ်မီနည်းပညာရပ်များဖြင့် အချက်အလက်များ ကောက်ယူစုဆောင်းကာ ရရှိလာသည့် အချက်အလက်များပေါ် အခြေခံ၍ ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းကာ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို လုပ်ဆောင်သင့်ကြောင်း မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က အကြံပြုပြောဆိုသည်။
“မဟာမုနိဘုရားမှာ လတ်တလော အဓိကလုပ်ဆောင်သင့်တာက ဘုရားပုလ္လင်တော်ပေါ်တက်ပြီး ရွှေချနေတဲ့အတွက် တိုးပွားလာတဲ့ ရွှေအလေးချိန်နဲ့ လူတွေရဲ့ အလေးချိန်ကြောင့် ဘုရားပုလ္လင်တော် ကျွံကျသွားနိုင်တယ်။ ဒါကြောင့် ဘုရားပေါ်တက်တဲ့ လူတွေရဲ့ အလေးချိန်ကို ပုလ္လင်တော်ပေါ် တိုက်ရိုက်မကျအောင် ပုလ္လင်နဲ့ လွှတ်တဲ့ ကြမ်းပြင်အသစ်တစ်ခုလုပ်ဖို့ လိုအပ်တယ်”ဟု ၎င်းက ပြောသည်။
မန္တလေးမြို့ရှိ မဟာမုနိဘုရားတွင် ၁၀ စုနှစ်တစ်စု နောက်ပိုင်း၌ နှစ်စဉ်ရွှေပိဿာချိန် ၄၀ ခန့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းမှုများရှိနေပြီး ၁၀ စုနှစ်အတွင်း ရွှေချိန်ပိဿာ ၄၀၀ နှင့် သစ်စေး အလေးချိန် ထည့်သွင်းတွက်ချက်ပါက ၂ တန်နီးပါး ဘုရား၏ ကိုယ်ထည်ကြီးထွားမှုရှိလာကြောင်း အဆိုပါ ဘုရားဂေါပကအဖွဲ့၏ လေ့လာတွေ့ရှိချက် စစ်တမ်းများအရ သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


