မင်းတပ် ၅ မတ်

ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အစိုးရနည်းပညာအထက်တန်းကျောင်း မင်းတပ်၌ အခြေခံကွန်ပျူတာသင်တန်း၊ မော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်းနှင့် အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းသင်တန်းတို့ကို မတ် ၃ ရက်မှစတင်၍ အခမဲ့ ဖွင့်လှစ်ပို့ချကြောင်း သိရသည်။

 

ကွန်ပျူတာသင်တန်းတွင် အခြေခံကွန်ပျူတာအသုံးပြုနည်းများ၊ Microsoft word၊ Excel၊ Power Point အသုံးပြုနည်းများကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစ၍ သင်တန်းသား ၂၄ ဦးအား စတင်သင်ကြားပေးပြီး မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းတွင် အင်ဂျင်ခွဲနည်း၊ အင်ဂျင်ပြုပြင်နည်း၊ ဆိုင်ကယ် ကာဗာဖြုတ်နည်းနှင့် တပ်နည်းတို့ကို သင်တန်းသား ၁၀ ဦးအား လည်းကောင်း၊ အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းတို့ကို သင်တန်းသား ၁၃ ဦးအား လည်းကောင်း သင်ကြားပေးသည်။

 

အဆိုပါ သင်တန်းကို မင်းတပ်မြို့နယ်အတွင်းရှိ အလုပ်အကိုင်ရှာဖွေသည့် လူငယ်လူရွယ်များနှင့် ဝါသနာပါသည့် လူငယ်လူရွယ်များကို ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ကျွမ်းကျင်မှုရှိစေရန်၊ သင်တန်းဆင်းပြီးပါက ပြင်ပအလုပ်တစ်ခုခုတွင် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ သင်တန်းပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းတစ်ခုချင်းစီတွင် သင်တန်းသားများ၏ တတ်မြောက်မှု စွမ်းရည်ကို စာတွေ့လက်တွေ့ နှစ်မျိုးလုံးစစ်ဆေးကာ အကောင်းဆုံးဆုကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းပြီးသွားပါက သင်တန်းဆင်း လက်မှတ်များလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအောင်ထိုက်သူထံမှ သိရသည်။

 

အခြေခံကွန်ပျူတာသင်တန်းမှာ အကြိမ် ၂၀၊ မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းမှာ ၄ ကြိမ်နှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းမှာ ၆ ကြိမ်မြောက်ရှိပြီဖြစ်ကာ နောက်လများတွင် အခြေခံ အုတ်စီ၊ လက်သမားနှင့် သံချည်သံကွေးသင်တန်းများလည်း ဖွင့်လှစ်ပို့ချသွားရန်ရှိကြောင်း၊ ယခုသင်တန်း မတ်လ ၁၃ ရက်နေ့အထိဖြစ်ကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)