မူဆယ် မတ်

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တစ်ဖက်နိုင်ငံ၊ တရုတ်နိုင်ငံတွင်ဖြစ်ပွားသော COVID(19) ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ လူသားချင်းစာနာ ထောက်ထားသည့်အနေဖြင့် မြန်မာနိုင်ငံဘက်မှ လှူဒါန်းထားသည့် ကာလတန်ဖိုး သိန်းတစ်ထောင်ကျော်ခန့်ရှိ ဆန်တန်ချိန်(၂၀၀)ကို မတ် ၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မူဆယ်မြို့၊ နှစ်နိုင်ငံအဝင်/အထွက်ဂိတ် (မန့်ဝိန်းဂိတ်) မှ တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးသည်။

 

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း(၇၀)ကျော် ရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံ ပြည်သူလူထုများ အခက်အခဲရင်ဆိုင်ကြုံတွေ့ရသည့် အချိန်အခါတွင်လည်း တရုတ်နိုင်ငံဘက်မှ ထောက်ပံ့ကူညီ လှူဒါန်းမှုများရှိသည်။

 

ကျွန်တော်တို့နိုင်ငံမှာ နာဂစ်မုန်တိုင်းဖြစ်ပွားတဲ့အချိန်က တရုတ်နိုင်ငံဘက်က ထောက်ပံ့ကူညီ လှူဒါန်းဖူးတဲ့ အစဉ်အလာတွေလည်း ရှိခဲ့ဖူးပါတယ်၊ လက်ရှိတရုတ်နိုင်ငံမှာဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံဘက်ကနေ အိမ်နီးချင်းကောင်းပီသစွာနဲ့ တတ်နိုင်ဘက်ကနေ လှူဒါန်းပေးရခြင်းဖြစ်ပါတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးတင့်က လှူဒါန်းရခြင်းအကြောင်းကို ပြောသည်။

 

တစ်ယောက်နဲ့တစ်ယောက် စေတနာထား၊ မေတ္တာထားပြီးတော့ အခက်အခဲကြုံတွေ့ရတဲ့အချိန်မှာ တစ်ယောက်ယောက်က ကူညီရတယ်ဆိုတာ လူသားချင်းမှာ ရှိရတဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့က ဒီလှူဒါန်းရခြင်းအပေါ်မှာ နိုင်ငံသားတစ်ယောက်အနေနဲ့သော် လည်းကောင်း၊ ဌာနဆိုင်ရာအနေနဲ့သော်လည်းပေါ့၊ စိတ်အားထက်သန်စွာနဲ့ ပီတိဖြစ်ရပါတယ်လို့ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးတင့်က မြန်မာနိုင်ငံဘက်မှ လူသားချင်းစာနာထောက်ထားပြီး လှူဒါန်းရခြင်းအပေါ် ဝမ်းသာပီတိဖြစ်ကြောင်းကို ပြောသည်။

 

တရုတ်နိုင်ငံဘက်သို့ ဆန်လှူဒါန်းခြင်းနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် တရုတ်နိုင်ငံတာဝန်ရှိသူတို့က ရန်ကုန်မြို့၌ လွှဲပြောင်းလှူဒါန်းခြင်း အခမ်းအနားကို ကျင်းပပြီးဖြစ်ပြီး လှူဒါန်းထားသည့် ဆန်များကို ကုန်တင်ယာဉ်အစီးရေ စုစုပေါင်း()စီးဖြင့် မူဆယ်မြို့၊ နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ကျယ်ဂေါင်ကားကြီးကွင်းသို့ ကုန်ချိန်းလွှဲအပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)

ဓာတ်ပုံ-မိုင်းဘဉာဏ်(ကွတ်ခိုင်)