နမ့်စန် ၆ မတ်
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီနှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့မှ ကြီးမှူး၍ နွေရာသီအခြေခံအားကစား သင်တန်း များကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချ တတ်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီ အားကစား သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ မြန်မာ့သိုင်းနှင့် ဘော်လီဘော အားကစားနည်းများကို မြို့နယ်အားကစားရုံတွင် လည်းကောင်း၊ ဘောလုံး အားကစားနည်းကို မြို့နယ်အားကစားကွင်းတွင်လည်းကောင်း ၊ မတ်လ ၁၃ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ အားကစားသင်တန်းများကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းနှင့် ပတ်သက်၍ အများပြည်သူများ သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက လူစည်ကားရာ လမ်းဆုံနေရာများတွင် ဗီနိုင်းများကပ်၍ ကြော်ငြာထားပေးပြီး သင်တန်းတက်ရောက်လိုသူများ အနေဖြင့် မိမိတို့သင်ကြားလိုသည့် အားကစားနည်းအလိုက်ကို မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)


