မုံရွာ ၆ မတ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်ရိုးတစ်လျောက်နှင့် မြစ်သာမြစ်ရိုးတစ်လျောက်ရှိ ကျေးရွာများ တည်ဆောက်လျက်ရှိသော School Cum Shelter နှင့် Cyclone Shelter များ တည်ဆောက်ရေးလုပ်ငန်းများ (၈၀)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၏ ပြောကြားချက်အရ သိရသည်။
“ Cyclone Shelter ဆိုပေမဲ့ အဓိကရေဘေးဖြစ်လာရင် ခိုလှုံလို့ ရအောင်လို့လုပ်ပေးတာဖြစ်တယ်၊ ဘေးမဖြစ်ရင်တော့ စာသင်ကျောင်းအဖြစ်အသုံးပြုမယ်၊ ချင်းတွင်းမြစ်ဘေး တစ်လျောက်မှာရှိတဲ့ ကျေးရွာ(၇)ရွာနဲ့ မြစ်သာမြစ်ဘေးတစ်လျောက်မှာရှိတဲ့ ကျေးရွာ(၃)ရွာမှာ(၁၀)လုံး တည်ဆောက်နေတာ ဖြစ်ပါတယ်၊ လုပ်ငန်းအားလုံးကတော့ (၈၀)ရာခိုင်နှုန်း လောက်ပြီးစီး သွားပြီဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် ကပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တည်ဆောက်လျက်ရှိသော School Cum Shelter နှင့် Cyclone Shelter များကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ (၁၇၀၄.ဝ၅)သန်းဖြင့် ၂၀၁၉ ခုနှစ် မတ်လ တတိယပတ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ချင်းတွင်းမြစ်ရိုး တစ်လျောက်ရှိ School Cum Shelter(၄)လုံးနှင့် မြစ်သာမြစ်ရိုး တစ်လျောက်ရှိ School Cum Shelter(၂)လုံးနှင့် Cyclone Shelter (၁)လုံး စုစုပေါင်း(၇)လုံးမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ပြီး၊ ချင်းတွင်းမြစ် အထက်ပိုင်းဒေသဖြစ်သော ဖောင်းပြင်မြို့နယ်နှင့် မော်လိုက်မြို့နယ်အတွင်း School Shelter (၃)လုံးမှာ တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


