ပွင့်ဖြူ ၆ မတ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာများကို သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရန်ရည်ရွယ်၍ ကျောင်းတော်ရာ-၁၊ ကျောင်းတော်ရာ-၂၊ ဘူးသည်၊ ဇောင်ချမ်းကုန်း၊ ကျောက်ပန်းတောင်း၊ ရွာသစ်၊ မင်းမြေ-၁၊ မင်းမြေ-၂၊ သစ်တော်၊ မင်းလှ ကျေးရွာ၁၀ရွာရှိ သောက်သုံးရေရရှိရေးဆိုင်ရာ ရေအရင်းအမြစ်စစ်တမ်းများကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကောက်ယူရာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေရရှိရေး တာဝန်ခံအင်ဂျင်နီယာ ဦးနေသူစိုးနှင့်ဝန်ထမ်းများသည် ရေရရှိရေးဆိုင်ရာ အချက်အလက်များ စစ်တမ်းကောက်ယူရာတွင်အသုံးပြုသည့် Rural Water Supply Management Information System Software ဖြင့် ကျေးရွာများတွင် လက်ရှိရေရရှိမှု အခြေအနေများ၊ ရေအရင်းအမြစ်စစ်တမ်းများ၊ ကျေးရွာရေရရှိရေးဆိုင်ရာ အချက်အလက်များကို ကွင်းဆင်းကောက်ယူခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း ၂၀၄ ရွာ ရှိပြီး အဆိုပါကျေးရွာများမှရေရရှိရေးဆိုင်ရာ အချက်အလက်များကို ဝန်ထမ်းများအဖွဲ့ခွဲ၍ ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း၊ ကျေးလက်ဒေသရှိကျေးရွာများကို အလှူရှင်သော်လည်းကောင်း၊ သက်ဆိုင်ရာဌာနများမှ သော်လည်းကောင်းရေရရှိရေး ဆောင်ရွက်ပေးရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ကောက်ယူခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေရရှိရေး တာဝန်ခံအင်ဂျင်နီယာ ဦးနေသူစိုးက ပြောပြ၍သိရသည်။
ငြိမ်းသူ(စလင်း)


