ပဲခူး ၆ မတ်
ပဲခူးတိုင်းဒေသကြီးအတွင်း စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရအဖွဲ့ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့်ဌာနဆိုင်ရာ အကြီးအကဲများသည် မတ် ၅ ရက်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများအား သွားရောက်လေ့လာခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးများနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းမကြီးပေါ်ရှိ မြင့်မြတ်ကျော်လုပ်ငန်းစု ကုမ္ပဏီလီမိတက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းထုတ်လုပ်နေမှု၊ စတီးလုပ်ငန်းနှင့် အိမ်မိုးသွပ်ထုတ်လုပ်နေမှုများအား လည်းကောင်း၊ မှော်ဘီမြို့နယ် ဝါးနတ်ချောင်းကျေးရွာရှိ စက်အုတ်ဖြန့်ချီရေးစက်ရုံသို့လည်းကောင်း သွားရောက်ကြည့်ရှု လေ့လာကြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများသည် မှော်ဘီမြို့နယ် ရေတွင်းကုန်း ကျေးရွာရှိ "ဝမ်ဟီ"ဆွယ်တာစက်ရုံသို့ သွားရောက်လေ့လာကြရာ စက်ရုံမှမန်နေဂျင်းဒါရိုက်တာက စက်ရုံ၏သမိုင်းနှင့် လည်ပတ်နေမှုများအား ရှင်းလင်းတင်ပြကာ စက်ရုံအတွင်းသို့ လိုက်လံပြသ ပေးခဲ့သည်။
"ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နှင့် အနီးပတ်ဝန်းကျင်တွင် စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာအစိုးရအဖွဲ့ ဌာနဆိုင်ရာများဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် သွားရောက်လေ့လာကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး ပိုမိုနားလည်၍ ရင်းနှီးမှုရှိစေရန်၊ ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများ၏ ဆောင်ရွက်မှုကို ပိုမိုသိရှိနားလည်နိုင်ရန် ရည်ရွယ်၍ လေ့လာကြောင်း" ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေက ပြောကြားသည်။
ဟိန်းထက်(ပဲခူး)


