မန္တလေး ၆ မတ်
မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ အောက်ခြေစမ္မခဏ် နောက်ကျောဘက်တွင် အက်ကြောင်းများ ဖြစ်ပေါ်နေသည်ကို ဇန်နဝါရီလဆန်းပိုင်းတွင် သတိထားမိပြီး ယင်းကိစ္စနှင့် ပတ်သက်၍ အကောင်းဆုံးနည်းလမ်းဖြင့် ပြုပြင်မွမ်းမံ ဆောင်ရွက်သွားနိုင်ရန် သြဝါဒခံ ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူပြီးဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ဂေါပကအဖွဲ့နှင့် ပညာရှင်များ တွေ့ဆုံဆွေးနွေးမှုများ၊ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မတ်လ ၅ရက်နေ့ ညနေပိုင်း စစ်ဆေးမှုများအရ အက်ကြောင်းများသည် ကြေးစမ္မခဏ်သို့ ထိခိုက်ခြင်းမရှိဟု ယူဆရကြောင်း မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။
“ မနေ့ကတော့ ဘုရားရဲ့ စမ္မခဏ်ကို X Ray ရိုက်ကြည့်တယ်။ အက်ကြောင်းရှိတဲ့နေရာကို သိချင်တဲ့အတွက် ၆လက်မ ပတ်လည်လောက်ကို Cutter နဲ့ဖြတ်ကြည့်တဲ့အခါ အက်ကြောင်းက အနက် ၆လက်မလောက်အထိကို အက်နေတာ တွေ့ရတယ်။ ဆက်ပြီး စမ်းကြည့်တဲ့အခါမှာ အက်ကြောင်းထပ်မတွေ့ဘူး။ အဲတော့ အက်တာဟာ အပြင်ယံအုတ်လွှာအက်တယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ” ဟု မဟာမုနိ ဂေါပက ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။
မဟာမုနိဘုရားကြီး၏ အောက်ခြေ အုတ်စမ္မခဏ်အက်ကြောင်းများ ဖြစ်ပေါ်မှုနှင့် ပတ်သက်၍ အကောင်းဆုံး နည်းလမ်းများဖြင့် ဆောင်ရွက်သွားနိုင်ရန်အတွက် မတ်လ ၁၀ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရှင်များ၊ ဂေါပကအဖွဲ့ဝင်များ ဖိတ်ကြားကာ ဆွေးနွေးပွဲကို ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ဆွေးနွေးပွဲတွင် ရရှိလာသော အသင့်တော်ဆုံး နည်းလမ်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“နောက်ထပ်သေချာချင်တာနဲ့ ကြေးစမ္မခဏ်ရဲ့အပြင် တိုးချဲ့ထားတဲ့ အုတ်စမခံက ဘယ်လောက်ထိ ရှိလဲလို့ အုတ်ဖောက် drill နဲ့ ဖောက်ကြည့်လိုက်တယ်။ ဖောက်ကြည့်လိုက်တဲ့အခါမှာ ၁၈လက်မ အနက်ထိဝင်သွားတယ်။ ကြေးသားစမခံမတွေ့ရဘူး။ သဘောက ကြေးသားစမခံရဲ့ အပြင်ဘက် တိုးချဲ့ထားတဲ့ အုတ်စမခံကိုက ၁၈လက်မကျော်လောက်ရှိတယ်လို့ သုံးသပ်ရတဲ့အတွက် အပြင် ၆လက်မလောက်နေရာထိဘဲ အောက်ခြေပိုင်းက နည်းနည်းအက်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ ကြေးစမခံကို မထိခိုက်ဖူးလို့ ယူဆတယ်” ၎င်းက ဆက်လက်ပြောကြားသည်။
မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို စတင်တည်ခဲ့သော ၁၁၄၆ ခုနှစ်ကို “ ဥသြရေသောက် မုနိရောက် ” ဟု မှတ်ယူခဲ့ကြပြီး ၁၂၄၅ ခုနှစ်တွင် ရွာဟိုင်းဈေးမီးလောင်မှုကြောင့် ရုပ်ရှင်တော်မြတ်ကြီး၏ ရွှေသားမကိုဋ်တော်၊ နားပန်တော်၊ စလွယ်တော်များနှင့် ရွှေသင်္ကန်းတော်များ ပျက်စီးပြီး ပျက်စီးယိုယွင်းသည့် ရွှေများမှာ ရွှေချိန် ၅၄၅၀ ရရှိခဲ့ကြောင်း မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားကြီး၏ သမိုင်းမှတ်တမ်းများမှ သိရသည်။
ထိပ်ထားနိုင်


