နေပြည်တော်    ၆   မတ် 

ဘဏ္ဍာနှစ်အလိုက် လျာထားသတ်မှတ်ထားရှိသည့် စီမံကိန်းလုပ်ငန်းများအပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ဘဏ္ဍာငွေကြေး လေလွင့်ဆုံးရှုံးမှုမရှိစေရန် ပြဌာန်း သတ်မှတ်ထားသော ဥပဒေလုပ်ထုံးလုပ်နည်း  မူဝါဒများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊   ယမန်နေ့ နံနက် ၁၁ နာရီက နေပြည်တော် ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ ကျင်းပသည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက  ပြောသည်။

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံအကျိုး အကောင်းဆုံး သည်ပိုးရွက်ဆောင်နိုင်ရန် မိမိကိုယ်ကိုကောင်းအောင် ပြုစုပျိုးထောင်ကြရန်လိုကြောင်း၊ လူထု၏ လိုအပ်ချက်ကို ထဲထဲဝင်ဝင်သိရှိနိုင်ရန် လူထုနှင့်ထိတွေ့ခြင်း၊ တွေ့ကြုံနေကြရသည့် အခက်အခဲများကို တိုင်ပင်ဆွေးနွေးအဖြေရှာခြင်း၊ ကြိုးစား ကူညီပေးခြင်း စသည့်ကောင်းမြတ်သော လုပ်ငန်းသဘာဝများ ဖော်ဆောင်ကြိုးပမ်းကြစေလိုကြောင်း၊ တိရစ္ဆာန်မှ လူသို့ကူးစက် ရောဂါနှင့် ပဋိဇီဝဆေးယဉ်ပါးမှု ပြဿနာများအား ကာကွယ်တားဆီး ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးဦးစီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အစွမ်းကုန်ကြိုးစားအားထုတ်ကြရမှာဖြစ်ကြောင်း၊ မွေးမြူထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းများ ကောက်ယူသုံးသပ်ခြင်း၊ မျိုးရင်းများ ထိန်းသိမ်းခြင်း၊ ဈေးကွက်နှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ပိုမိုမွေးမြူ ထုတ်လုပ်နိုင်ရန် လိုအပ်သောအစာ၊ မျိုးနှင့် စားကျက်မြေများ လုံလောက်စွာ ရရှိရေးအတွက် သုတေသနလုပ်ငန်းများတိုးချဲ့ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မေထုန်မဲ့ သားစပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ရန်ပုံငွေရှာဖွေခြင်း၊ နည်းပညာဖြန့်ဖြူးခြင်း၊ တိရစ္ဆာန်ကျန်းမာရေးစစ်ဆေးမှု၊ တိရစ္ဆာန်ရောဂါထိန်းချုပ်ဇုန်နှင့် တိရစ္ဆာန်ရောဂါ စောင့်ကြည့်ထိန်းသိမ်းရေးစခန်းများ ထူထောင်နိုင်ရန်လိုအပ်သည့် ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ခြင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်း၊ သင်တန်းများပို့ချခြင်း၊ သုတေသနကို အခြေခံသည့် လုပ်ငန်းစီမံချက်များ ချမှတ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းစဉ်အဆင့်တိုင်းတွင် ပြန်လည်သုံးသပ်စစ်ဆေးအကဲဖြတ်ခြင်း (M&E process) တို့ကို ပြည့်စုံစွာထည့်သွင်းဆောင်ရွက်မှသာ မိမိတို့ဝန်ကြီးဌာန၏ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက ဒေသအလိုက် ဆောင်ရွက်ပြီးစီးခဲ့သည့်် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများ၊ လက်ရှိဆောင်ရွက်လျက်ရှိသော မွေးမြူထုတ်လုပ်မှု ကဏ္ဍနှင့် ရောဂါထိန်းချုပ်ရေး ကဏ္ဍအသီးသီးမှ လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာရလဒ်များနှင့် ကိုက်ညီမှုများအား ဆွေးနွေးသုံးသပ်ကြသည်။ 

ယင်းနောက် ၂၀၂၀ပြည့်နှစ် မတ်(၄)ရက်တွင် ကျင်းပသည့် စာတမ်းဖတ်ပွဲ၏ ဆုရစာတမ်းရှင်များကို ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်သည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းစားသုံးမှုဖူလုံရေးအပြင် ပြည်ပပို့ကုန် မြှင့်တင်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများသို့ ကျွဲနွားများ တရားဝင်တင်ပို့ခြင်းမှ နိုင်ငံ တော်ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်း(၅၀ဝ)ကျော် ရှာဖွေပေးနိုင်ခဲ့ပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့နှင့် “မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွဲနွားများအတွက် ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် ကျန်းမာရေးလိုအပ်ချက်များ အစီအမံ” ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ မွေးမြူရေးဆိုင်ရာ အရင်းအမြစ်များ ထိန်းသိမ်းနိုင်ရန် ကျွဲနွားမှတ်ပုံတင်ခြင်းစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

(သတင်းစဉ်)