နေပြည်တော်  ၆   မတ် 

အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်(၇)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နဝရတ်ခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာဦးပွား၊ ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ်ဦးကျော်စိုး၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှအောင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခများ၊ သင်တန်း နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ (၃၂ )ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဒေါက်တာ ဦးပွားက သင်တန်းကာလအတွင်း သင်တန်း၏ရည်ရွယ်ချက်များကို သိရှိနားလည်ပြီး အောင်မြင်အောင် စည်းကမ်းရှိရှိ ကြိုးစားအားထုတ်ခဲ့ခြင်းနှင့် ဘာသာရပ်ဆိုင်ရာစာတမ်းများကို အချိန်မီပြီးစီးအောင် ကြိုးစားတင်ပြနိုင်ခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။ 

ယခုသင်တန်း၏ဘာသာရပ်ပို့ချရာတွင် ထူးခြားမှုတစ်ခုအဖြစ်UNDP ၏ အကူအညီဖြင့် နယူးဇီလန်နိုင်ငံ (State Services Commission-SSC) မှ ပညာရှင်ရေးဆွဲပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့က တည်းဖြတ်ထားသည့် Competency - based Curriculum ကို  UNDP မှ  Pilot Test အဖြစ် Strategic Direction Focus People Focus နှင့် Delivery Focus တို့အပေါ် Transformational Learning ဖြစ်စေရန်အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်အပါအဝင် ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခများက၊ တွဲဖက်ပို့ချဆွေးနွေးပေးခဲ့ကြပါကြောင်း ထို့ပြင် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများနှင့် ပြည်တွင်းကျွမ်းကျင်ပညာရှင်များက ၄င်းတို့ဌာနအဖွဲ့အစည်းများ၏ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ပြည်ပကျွမ်းကျင် ပညာရှင်များက ၄င်းတို့၏ ကောင်းမွန်သော လုပ်ငန်းဆောင်ရွက်ချက်များ အတွေ့အကြုံ များကို မိမိတို့နိုင်ငံနှင့် နှိုင်းယှဉ်၍လည်းကောင်း ပို့ချ ဆွေးနွေးမှုများအပေါ် စိတ်ဝင်တစား လေ့လာမှတ်သားပြီး အပြန်အလှန် ပါဝင်ဆွေးနွေးခဲ့ကြသည့်အတွက် အထူးပင် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း။


နိုင်ငံ့ဝန်ထမ်းများသည် သက်ဆိုင်ရာနယ်ပယ်၊ ကျွမ်းကျင်ရာနယ်ပယ်အသီးသီးတွင် မိမိတို့ ကိုယ်တိုင် ခေါင်းဆောင်စိတ်ဓာတ်မွေးမြူလျက် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြမှသာ နိုင်ငံနှင့်လူမျိုးတိုးတက်အောင်မြင်လာမည် ဖြစ်ပါကြောင်း။ 

ထို့ကြောင့် “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်" "A stronger Civil Service, A StrongerNation" ဆိုတဲ့အတိုင်း တိုင်းပြည်ကိုချစ်သောစိတ် မိမိနိုင်ငံကို အခြားတိုးတက်သော နိုင်ငံများကဲ့သို့ တိုးတက်သည်ကို မြင်လိုသောစိတ်တို့ဖြင့်ဝန်ထမ်းကောင်းများဖြစ်စေရန် ကြိုးစားအားထုတ်ပြီး ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ လုပ်ငန်းခွင်ဆိုင်ရာ အရည်အချင်းများအပြင် မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေးနှင့် မိမိတို့နိုင်ငံ၏ အခြေအနေကို မျက်ခြေမပြတ်အမြဲလေ့လာဆည်းပူးလျက် နိုင်ငံသားများ၏ အကျိုးစီးပွားကို စေတနာထား လုပ်ကိုင်ဆောင်ရွက်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် အစဉ်ကြိုးစားရန် တိုက်တွန်းပြောကြားသည်။

(သတင်းစဉ်)