နေပြည်တော် ၆ မတ်

           

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ် ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၀/၂၀၂၀) ကို ယနေ့ နံနက်၇နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က မိမိတို့နိုင်ငံ၌ ယခုလက်ရှိအချိန်အထိ ဓာတ်ခွဲအတည်ပြု COVID-19 ရောဂါဖြစ်ပွားသူ (၁) ဦးမျှ မတွေ့ရှိရသေးပါကြောင်း၊  သံသယ (၂) ဦးနှင့် စောင့်ကြည့်လူနာ (၅၈) ဦး၊ စုစုပေါင်း (၆၀)တို့တွင် ဓာတ်ခွဲ အဖြေရောဂါပိုး မတွေ့သူ (၅၄) ဦးနှင့် ဓာတ်ခွဲအဖြေ စောင့်ဆိုင်းနေသူ (၆) ဦးရှိပါကြောင်း၊ COVID-19 ရောဂါပိုး မတွေ့ရှိရသော သံသယနှင့် စောင့်ကြည့်လူနာများသည် ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြ၍ ဆေးရုံဆင်းသွားပြီဖြစ်ပါကြောင်း၊

 

COVID-19 ရောဂါ သံသယ၊ စောင့်ကြည့်လူနာနှင့် လူနာများကို ကိုင်တွယ်ကုသရာတွင် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံကို အလေအလွင့် မရှိစေဘဲ စနစ်ကျစွာ အသုံးချနိုင်ရေး အတွက် လုပ်ငန်းလမ်းညွှန်များအား ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ နောက်ဆုံး ထုတ်ပြန်ထားသော လမ်းညွှန်များနှင့်အညီ မွမ်းမံပြင်ဆင်၍ အမြန်ဆုံးဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊ ယခုအချိန်အထိ တွေ့ရှိချက်များအရ COVID-19 ရောဂါဖြစ်ပွားသူများ၏ (၈၈) ရာခိုင်နှုန်းသည် ကိုယ်ပူချိန် မြင့်မားခြင်း၊ (၆၈) ရာခိုင်နှုန်းသည် ချောင်းခြောက်ဆိုးခြင်း၊ (၃၈) ရာခိုင်နှုန်းသည် ကိုယ်လက် မအီမသာ အားလျော့ခြင်း၊ (၃၃) ရာခိုင်နှုန်းသည် သလိပ်ပါချောင်းဆိုးခြင်း၊ (၁၉) ရာခိုင်နှုန်းသည် အသက်ရှူ မဝခြင်း၊ (၁၄) ရာခိုင်နှုန်းသည် လည်ချောင်းနာခြင်း ဖြစ်ပွားသည်ကို သိရှိရပါကြောင်း။

 

ရောဂါဖြစ်ပွားသူများတွင် အဖျားလက္ခဏာ ပြသသူမှာ (၈၈) ရာခိုင်နှုန်းရှိသည်ဖြစ်၍ ရောဂါ ကူးစက်ဖြစ်ပွားရာ နိုင်ငံများမှ လေကြောင်းခရီးဖြင့် လာရောက်သူများအား လက်ကိုင် ကိုယ်ခန္ဓာ အပူချိန်တိုင်းစက်ဖြင့် တစ်ကြိမ်၊ လူအများကို တစ်ပြိုက်နက် ကိုယ်ခန္ဓာအပူချိန် တိုင်းသည့်စက်ဖြင့် တစ်ကြိမ်၊ စုစုပေါင်း (၂) ကြိမ်တိုင်းတာ၍ အထူးအလေးထား စောင့်ကြပ်ကြည့်ရှုရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပစ္စည်းများသယ်ပို့သည့် container များတွင် ရောဂါပိုး မပါရှိနိုင်ဟုဆိုသော်လည်း မိမိတို့အနေဖြင့် ပိုမိုစိတ်ချစေရန်  လေကြောင်း ခရီးသည်များ၏ ခရီးသွားအိတ်နှင့် သေတ္တာများကိုလည်း ပိုးသတ်သန့်စင်ရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် ညှိနှိုင်း၍ ဆောင်ရွက်ရန် ပြောကြားထားပြီး ဖြစ်ပါကြောင်း။

 

ယခုလက်ရှိ တွေ့ရှိချက်များအရ COVID-19 ရောဂါဖြစ်ပွားသူများအနက် သေဆုံးနှုန်းသည် တဖြည်းဖြည်း မြင့်တက်လျက်ရှိပြီး ယခုအခါ (၃ ဒသမ ၅) ရာခိုင်နှုန်းအထိ ရှိနေပါကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံ၌ သေဆုံးမှု မမြင့်စေရန်အတွက် ကုသရေးကျွမ်းကျင်မှုဆိုင်ရာ၌ လည်းကောင်း၊ ကုသရာ၌ လိုအပ်သော ပစ္စည်းကိရိယာများနှင့် အောက်စီဂျင် လုံလောက်စွာ ရရှိစေရန် လည်းကောင်း၊ လူနာများ လျင်မြန်စွာ လွှဲပြောင်းနိုင်ရေးအတွက်လည်းကောင်း ပြင်ဆင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် ရောဂါအခံရှိသူများ၊ ဆီးချိုရောဂါရှိသူများ၊ အသက်အရွယ်ကြီး သူများသည် ရောဂါပြင်းထန်စွာ ခံစားရပြီး သေဆုံးနိုင်သဖြင့်  သံသယလက္ခဏာများ ဖြစ်ပွားပါက ဆေးရုံသို့ ချက်ချင်းလာရောက်ရန် အတွက်လည်း ပြည်သူများအား ဆက်လက်အသိပေးရမည်ဖြစ်ပါကြောင်း။

 

အသွားအလာကန့်သတ်၍ သတ်မှတ်နေရာတွင် ထားရှိကာ ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်း၏ အကျိုးကျေးဇူးများကို ပြည်သူများ ပိုမိုသိရှိ နားလည်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များ၌ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ ရောဂါဖြစ်ပွားသူနှင့် အနီးအပါးထိတွေ့ခဲ့သူ၊ ရောဂါဖြစ်ပွား သေဆုံးမှုများပြားရာ နေရာဒေသမှ လာရောက်သူများအနေဖြင့် ပုန်းအောင်း မနေသင့်ဘဲ အနီးဆုံး ကျန်းမာရေးဌာနသို့ အကြောင်းကြားကာ အသွားအလာ ကန့်သတ်၍ ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းကို ခံယူကြရမည်ဖြစ်ပါကြောင်း၊

 

အိမ်နီးချင်းနိုင်ငံအချို့တွင် ရောဂါဖြစ်ပွားရာ နေရာဒေသများမှ ရောက်ရှိလာသူများအားလုံးကို အသွားအလာ ကန့်သတ်၍ သတ်မှတ်နေရာတွင် (၁၄) ရက်တာ ကာလအထိ ထားရှိခြင်းကိုပင် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့်လည်း လိုအပ်ပါက ထိုသို့ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အိမ်တွင် အသွားအလာကန့်သတ်၍ နေထိုင်စေခြင်း လုပ်ဆောင်ရာ၌ လိုက်နာရမည့် အချက်များကိုလည်း စနစ်တကျဆောင်ရွက်ရန် အရေးကြီးသဖြင့် ပြည်သူများ သိရှိရန် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို ဆိုင်းငံ့ခြင်း၊ မပြုလုပ်ခြင်းများကို တွေ့ရှိရသည်မှာ မိမိတို့ဆောင်ရွက်နေသော ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအတွက် များစွာအထောက်အကူပြုပါကြောင်း။

 

လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ မဖြစ်မနေ ကျင်းပရမည်ဆိုပါက ရောဂါကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာ အချက်များကို ပွဲမစတင်မီတွင် (၅) မိနစ်ခန့်အချိန်ယူ၍ ပြောကြားနိုင်ရန်အတွက် အချက်အလက်များကို မိမိတို့ဝန်ကြီးဌာနမှ အမြန်ဆုံးဖြန့်ဝေမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဇန်နဝါရီ ၅ ရက်မှ စတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ချက်များ ပိုမိုပီပြင် အကျိုးရှိထိရောက် စေရန်အတွက် အမြန်ဆုံး ပြန်လည်သုံးသပ်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဆောင်ရွက်ခဲ့သော ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများဖြစ်သည့် သံသယနှင့် စောင့်ကြည့် လူနာများအား ရှာဖွေတွေ့ရှိပုံ၊ ကိုင်တွယ်ဆောင်ရွက်ပုံ၊ ညွှန်းပို့ပုံ၊ စမ်းသပ်ကုသပုံ၊ ဓာတ်ခွဲစမ်းသပ်ပုံ၊ ကျန်းမာရေး အသိပညာ ဖြန့်ဝေမှုများ၏ ထိရောက်မှု ရှိ/ မရှိ၊ ဝန်ကြီးဌာနချင်း၊ ဗဟိုအဆင့် တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ကျန်းမာရေးဌာနများ၊ အစိုးရအဖွဲ့များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများအကြား ချိတ်ဆက်ဆောင်ရွက်ပုံ၊ ဝန်ကြီးဌာနမှ ဝယ်ယူထားသည့် ပစ္စည်း များနှင့် လှူဒါန်းလက်ခံရရှိသည့် ပစ္စည်းများကို ဆေးရုံများနှင့် ကျန်းမာရေးဌာနများသို့ ခွဲဝေဖြန့်ဖြူးသည့် ပုံစံစနစ်၊ သက်ဆိုင်ရာ ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ဖြစ်ရပ်အခြေပြု စားပွဲတင် လေ့ကျင့်ခန်းများ ပြုလုပ်ထားရှိမှု၊ သတင်းပြန်ကြားမှု အခြေအနေများစသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆန်းစစ်မှုများ အမြန်ဆုံးပြုလုပ်၍ အားနည်းချက်များကို တွေ့ရှိပါက ၎င်းတို့အား ချက်ချင်းအားဖြည့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

အထက်ပါ ကိစ္စရပ်များအား လာမည့်ရက်သတ္တပတ် (၁) ပတ်အတွင်း လုပ်ဆောင်ပြီး တွေ့ရှိချက်များ အပေါ်မူတည်၍ မဟာဗျူဟာ၊ နည်းဗျူဟာများကို လိုအပ်ပါက ပြင်ဆင်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ယခုဖြစ်စဉ်တွင်သာမက နောင်ဖြစ်ပေါ်လာနိုင်သည့် ရောဂါကူးစက် ပျံ့နှံ့မှုဖြစ်စဉ်များအတွက် ရေရှည်ကာလကို မျှော်မှန်းကာ မြို့နယ်ဆရာဝန်များအား ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေး မွမ်းမံသင်တန်းများ ဆက်လက်ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း။၊

 

ကမ္ဘာ့ဘဏ်၊ International Monetary Fund နှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အရေးပေါ် ကိစ္စရပ်များကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေများ ပေးအပ်ရန် စီစဉ်နေမှုတွင် မိမိတို့နိုင်ငံအတွက် ရရှိရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှတစ်ဆင့် ချက်ချင်း အကြောင်းကြား ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဈေးများ၊ စက်ရုံ၊ အလုပ်ရုံများတွင် ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုများအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆက်လက်အားဖြည့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

မိမိတို့သည် ပြည်သူများထံသို့ မှန်ကန်သည့် သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာဖြင့် ဆက်လက်ပြန်ကြား ပေးမည်ဖြစ်ပါကြောင်း၊  လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ ကျန်းမာရေး၊ ကပ်ရောဂါဗေဒရှုထောင့်၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ခရီးသွားလာရေး၊ လူမှုရေးရှုထောင့် စသည်တို့မှ အသေးစိတ်လေ့လာသုံးသပ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

အစည်းအဝေးတွင် - ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက်သည့် Daily Update Situation များနှင့် ထုတ်ပြန်ကြေညာချက်များ၊ ဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းဆောင်ရွက်နေမှုများ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ၊ အခြားနိုင်ငံများမှ ထူးခြားဖြစ်စဉ်များနှင့် သတင်းများ၊ စောင့်ကြည့်လူနာများ၏ အခြေအနေများ၊ အသွားအလာ ကန့်သတ်၍ ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်း ဌာနရှိ အဆောက်အဦသို့ ကွင်းဆင်းသွားရောက်ခဲ့မှု၊ ပြည်သူများ ကျန်းမာရေး အသိပညာများကို လက်တွေ့အသုံးချနိုင်မှုဆိုင်ရာ အသုံးချသုတေသနကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) မှ ဆောင်ရွက်ရန် စီစဉ်ထားရှိမှု၊ ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။

 

အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်/ ဖြန့်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်)၊ ညွှန်ကြား ရေးမှူး(ကုသရေး)၊ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံ၊ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ e-health ၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး၊ ပြည်သူကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) စသည့် ကဏ္ဍအသီးသီးနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ တက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့သည်။

 

သတင်းစဉ်