ယင်းမာပင် ၇ မတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း အပူပိုင်းဒေသ အထူးစိမ်းလန်းစိုပြည်ရေး၊ ထင်းစိုက်ခင်းများ၊ သစ်ပင်စိုက်ပျိုးပွဲတော်များ စိုက်ပျိုးခြင်းများအတွက် ကောင်းဆင့်ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း ခြောက်သောင်းကျော် ပျိုးထောင် စိုက်ပျိုးထားရှိကြောင်း ယင်းမာပင်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။

 

ရာသီဥတုများဖောက်ပြန်လာမှုကြောင့် သဘာဝပတ်ဝန်းကျင် သစ်တောများတိုးတက်ကောင်းမွန်လာပြီး ဂေဟစနစ်များကို ပြန်လည်ထိန်းညှိလာနိုင်စေရန်အတွက် အေးမြသော အရိပ်ရအပင်များ၊ သစ်၊ တိုင်၊ မျောနှင့် ထင်း စသည့် အခြေခံသစ်တောထွက် လိုအပ်ချက်များကို ဖြည့်ဆည်းစိုက်ပျိုးဆောင်ရွက်နိုင်ရန် ရန်ရည်ရွယ်၍ ပျိုးပင်များ ပျိုးထောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

"လက်ရှိမှာ သစ်တောဖုံးလွှမ်းမှုများ ပိုမိုကောင်းမွန်ပြီး သစ်တောသစ်ပင်များစိမ်းလန်းစိုပြည်လာမှ သဘာဝ ဘေးအန္တရာယ်ကျရောက်မှုများ လျော့နည်းသက်လာစေမှာဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်များ လျော့နည်းဖို့ရာက သဘာဝပတ်ဝန်းကျင် သစ်တောများတိုးတက်ကောင်းမွန်ပြီး ဂေဟစနစ်ကို ထိန်းညှိလာနိုင်စေရန်တို့ကို ကောင်းမွန်လာအောင် အရိပ်ရသစ်ပင်များစိုက်ပျိုးရေးနှင့် ဒေသခံအစုအဖွဲ့ သစ်တောလုပ်ငန်း တည်ထောင်ခြင်းများ ဆောင်ရွက်နေသလို ကျေးရွာသုံးထင်းစိုက်ခင်းများလည်း ကျေးရွာပြည်သူများအတွက် နှစ်စဉ်စိုက်ပျိုးဆောင်ရွက် ပေးလျက်ရှိပါတယ်" ဟု ယင်းမာပင်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေမျိုးထွန်းက ပြောသည်။

 

ယင်းမာပင်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းအရ၊ အပူပိုင်းဒေသအထူးစိမ်းလန်းစိုပြည်ရေး၊ ကျေးရွာသုံး ထင်းစိုက်ခင်းများ၊ သစ်ပင်စိုက်ပျိုးပွဲတော်များ စိုက်ပျိုးခြင်း၊ တစ်အုပ်တစ်မစိုက်ခင်း၊ တစ်ရွာတစ်ဧက၊ တစ်အိမ်ထောင်ကျွန်း ၃ ပင်၊ သစ်မာ ၂၀ ပင် စိုက်ပျိုးရေး၊ လမ်းဘေးဝဲယာ အရိပ်ရသစ်ပင်များ စိုက်ပျိုးရေးနှင့် ဒေသခံအစုအဖွဲ့ သစ်တောလုပ်ငန်း တည်ထောင်ခြင်းများအတွက် မြန်မာကုက္ကိုလ်၊ မန်ကျည်း၊ လိန်၊ မယ်ဇလီ၊ ယင်းမာ၊ ရှား၊ ဒဟတ်၊ ယူကလစ်၊ ကျွန်း၊ လျှော်ဖြူ၊ သပွတ်ကြီး၊ စန္ဒကူး၊ ဘိန်းနွယ်နှင့် မျှင်ဝါး စသည့် ပျိုးပင်ပေါင်း ၆၀၁၃၃ ပင်ကို စိုက်ပျိုးထားရှိကြောင်း ယင်းမာပင်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ သိရသည်။

သန်းဌေးအောင်(ကနီ)