မြိတ် ၇ မတ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ရေပုံးရပ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး၊ (၇)လွှာ၌ မြိတ်ခရိုင်အတွင်းရှိ လူငယ်စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ " Business Startup Campaign (ပေါင်းစုအား) အတွက် ကော်မတီဖွဲ့ခြင်းနှင့် လုပ်ငန်းစတင်နိုင်ရန် ပြင်ဆင်မှု အစည်းအဝေးကို ယမန်နေ့က  ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ယခု အခြေအနေသည် စီးပွားရေးအားကောင်းအောင် ကြိုးစားဆောင်ရွက်နေသည့် ကာလဖြစ်ကြောင်း၊ မြိတ်ဒေသသည် ယခင်ကထက်စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်လာကြောင်း၊ စီးပွားရေးလုပ်ငန်းများအား လူငယ်များ၊ အမျိုးသမီးများလည်း ပါဝင်လုပ်ကိုင် လာသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းသာကြောင်း၊ ဝိုင်းဝန်းကြိုးစားကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များအားလုံး ညီညွတ်စွာ စည်းလုံးစွာဖြင့် ဆောင်ရွက်ကြလျှင် မြိတ်ဒေသစီးပွားရေး လုပ်ငန်းသည် မြန်ဆန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် လက်တွဲခေါ်ယူ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ထိုနောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း (ILO )၊ ရန်ကုန်ရုံးချုပ်မှ ညှိနှိုင်းရေးအရာရှိ ဦးသူရိန်ဝင်း က ILO အဖွဲ့အစည်းနှင့်ပတ်သက်၍ လုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပေါ်ပေါက်လာရေးအတွက် နည်းစနစ်ပိုင်းများအား ကူညီဆောင်ရွက်ပေးနေကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိအောင် စီးပွားရေးလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး၊ SIYB(Myanmar)မှ သင်ကြားမှု ဆရာမဒေါ်မင်တီအောင်က အစည်းအဝေးပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အတွေးသစ်အမြင်သစ် လူငယ်လုပ်ငန်းရှင်သစ်များ ဒေသအတွင်းပေါ်ထွက်လာစေရေး၊ ဒေသတွင်း လုပ်ငန်းရှင်များ အချင်းချင်း အတွေးအမြင်ဖလှယ်ကြသော ကွန်ရက်တည်ဆောက်နိုင်ရေး၊ ဒေသတွင်းရှိ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ အတူတူပူးပေါင်းလုပ်ဆောင်နိုင်သောဓလေ့ တည်ဆောက်နိုင်ရန်၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် ပေါင်းစုအား ကော်မတီဖွဲ့စည်းခြင်းတွင် ပါဝင်သင့်သည့်လူငယ်များ၊ ကော်မတီ ဖွဲ့စည်းခြင်းများ၊ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ပုံများ၊ သင်တန်းသားများ ခေါ်ယူသင်ကြား ပို့ချပေးမှုများကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များဖြင့် ပေါင်းစုအား ကော်မတီကို ဖွဲ့စည်းခဲ့ကြသည်။

 

အဆိုပါ Business Startup Campaign (ပေါင်းစုအား)ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း (ILO) + SIYB နှင့် မြိတ်ဒေသစီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး သင်တန်းဖွင့်လှစ် ပို့ချနိုင်ရေးအတွက် ကုန်ကျစရိတ်များကို မြိတ်အများပိုင်ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ထောက်ပံ့ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းအား မေလပိုင်းတွင် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ယင်းပေါင်းစုအား ကော်မတီဖွဲ့စည်းရာတွင် ကော်မတီဉက္ကဋ္ဌအဖြစ် မြိတ်ခရိုင် အသေးစား၊ အငယ်စား၊ အလတ်စားဉက္ကဋ္ဌ ဦးမျိုးအောင် အပါအဝင်ကော်မတီဝင်အဖွဲ့ဝင် (၁၂)ဦးတို့အား ရွေးချယ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ (ILO) ရန်ကုန်ရုံးချုပ်မှ ညှိနှိုင်းရေးအရာရှိ ဦးသူရိန်ဝင်း၊ SIYB(Myanmar)မှ သင်ကြားမှုဆရာမ ဒေါ်မင်တီအောင်၊ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အတွင်းရေးမှူး ဦးထွန်းထွန်းနှင့် ကော်မတီဝင်များ၊ မြိတ်ခရိုင် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဆန်းမင်းဦး နှင့် ကော်မတီဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်းအင်အား(၉၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

မြင့်ဦး(မြိတ်)