ရေဦး ၇ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့ကုတင် (၁၀၀ )ဆံ့ ပြည်သူ့ဆေးရုံ ကျန်းမာရေးကုသရေးဦးစီးဌာန မြို့နယ်ဆရာ၀န်ကြီးဒေါက်တာအောင်ကျော်နိုင်၊ တမာတောတိုက်နယ်ဆေးရုံ တာ၀န်ခံဒေါက်တာ သန့်ဇင်အောင် တို့နှင့်အတူ ကျေးလက်ကျန်းမာရေးဌာန ဆရာ၊ ဆရာမများပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက ကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ နယ်လှည့်ကွင်းဆင်းဆေးကုသခြင်း တို့ကို ဘုတ်ရွာကျေးရွာအုပ်စု၊ ဘုတ်ရွာကျောင်းတိုက် ဓမ္မဝိဟာရကျောင်းဆောင်သစ်တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာအောင်ကျော်နိုင်က တရုတ်နိုင်ငံမှတစ်ဆင့် အခြားနိုင်ငံများ သို့ ရောက်ရှိကူးစက်နေသော ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ ဆီးချို သွေးချိုရောဂါ ထိန်းချုပ်ကာကွယ်ရေးနည်းလမ်းများ၊ ကင်ဆာဖြစ်ပွားရခြင်း အကြောင်းအရင်းများနှင့် ဆောင်ရန်ရှောင်ရန် အချက်များကို အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် မြို့နယ်ဆရာ၀န်ကြီးနှင့် တက်ရောက်လာသူများက ကျန်းမာရေးဆိုင်ရာ အမေးအဖြေများ ပြုလုပ်ပြီး ဖြေဆိုနိုင်သူများအား ဆုချီးမြှင့်ပေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ဆရာ၀န်ကြီးနှင့်အဖွဲ့သည် ကျန်းမာရေးစစ်ဆေးကြမည့် ဆရာတော် သံဃာတော်များနှင့် ဒေသခံပြည်သူ ၁၂၅ ဦးတို့အား သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ပေးခြင်းနှင့် လိုအပ်သော ဆေးဝါးများပေးခြင်းနှင့် ဆေးကုသမှုပေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထိုက် (ရေဦး)


