ပုသိမ် ၇ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခုနှစ် အသက်မွေးကျောင်း အထောက်အကူပြု စိုက်ပျိုးမွေးမြူရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာ-၂ ဦးသန်းဝင်းအောင်က သင်တန်းဖွင့်လှစ်ပေးခြင်းသည် ကျေးလက်နေပြည်သူများ၏ အခွင့်အလမ်းများနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူဖြစ်စေရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းသား သင်တန်းသူများကို ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူ နှင့် ပုသိမ်မြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးသန်းဝင်းအောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား၊ သင်တန်းသူ ၂၈ ဦး အား ပေးအပ်ခဲ့ကြောင်း သိရသည်။ သင်တန်းကာလမှာ မတ် ၃ ရက်မှ စတင်ကာ မတ် ၆ ရက်နေ့အထိ ၄ ရက် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ဆန်းတင့် ရေကြည်


