မန္တလေး ၇ မတ်

၂၀၁၉- ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မန္တလေး ဗဟိုအကျဉ်းထောင်၌ အကျဉ်းကျလျက်ရှိသည့် ကျောင်းသား ကျောင်းသူ ၆၉ ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်းနှင့် ဝင်ရောက်ဖြေဆို ကြမည့် ကျောင်းသားကျောင်းသူများတွင် ဝိဇ္ဇာဘာသာတွဲဖြင့် ဖြေဆိုမည့်သူ ၅၉ ဦးနှင့် သိပ္ပံဘာသာတွဲဖြင့် ဖြေဆိုမည့်သူ ၅ ဦး ဝိပ္ပံဘာသာတွဲဖြင့် ဖြေဆိုမည့်သူ ၅ ဦးပါဝင်ကြောင်း သိရသည်။

စာမေးပွဲဝင် ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား အကျဉ်းထောင်အတွင်း သီးခြား ဆောက်လုပ်ထားသည့် စာသင်ဆောင်တွင် ဘွဲ့ရရှိပြီးအကျဉ်းသားအကျဉ်းသူ ဆရာဆရာမများနှင့် အမှတ်(၂၅) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာဆရာမများက သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည် ကိုယ်ပိုင်ကျောင်းများမှ ဆရာဆရာမများကလည်း ပညာဒါနအဖြစ် လာရောက်ပို့ချခြင်း တက္ကသိုလ်များမှ ပါမောက္ခများ၊ ကထိကများက အမှတ်ပေးစည်းမျဉ်းများအကြောင်း ရှင်းလင်း ပြောကြားခြင်းများလည်း လည်းရှိကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများ ပညာသင်ကြားရာတွင် စိတ်ဖိစီးမှုမရှိစေရန် ထောင်အဝတ်အစားကို မဝတ်ဆင်စေဘဲ အခြေခံပညာကျောင်းများတွင် သတ်မှတ်ထားသည့် အင်္ကျီအဖြူနှင့် လုံချည်အစိမ်းကို ဝတ်ဆင်ခွင့်ပြုထားသည်။ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများကို ပြင်ပစေတနာရှင်များနှင့် အကျဉ်းဦးစီးဌာနမှ ရာနှုန်းပြည့် စီစဉ်ဆောင်ရွက်ပေးထားပြီး စာကျက်ချိန် ပိုမိုရရှိစေရန် အိပ်ရာဝင်ချိန်ကိုလည်း နောက်ကျသတ်မှတ်ပေးထားကြောင်းနှင့် ဖြည့်စွက်အဟာရ ကျွေးမွေးခြင်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

အကျဉ်းထောင်များတွင် ပညာရေး တစ်ပိုင်းတစ်စနှင့် အကျဉ်းကျခံနေရသည့် တက္ကသိုလ်ဝင်တန်းရောက် ကျောင်းသားကျောင်းသူများ စာမေးပွဲ ဖြေဆိုခွင့်ကို ၂၀၁၆-၂၀၁၇ ပညာသင် နှစ်က စတင်ခွင့်ပြုပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မန္တလေး အိုးဘိုအကျဉ်းထောင်မှ ကျောင်းသား ကျောင်းသူ ၇၂ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၄၄ ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ် ပညာရေးတွင်လည်း စာပေးစာယူဖြင့် ပထမနှစ်တွင် ၁၃ဦး ဒုတိယနှစ်တွင် ၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ရာနှုန်းပြည့်အောင်မြင်ခဲ့ကြောင်း သိရသည်။

စာမေးပွဲအတွက် အကျဉ်းထောင် အတွင်းရှိ စာသင်ဆောင်တွင် စာဖြေဌာန တစ်ခုဖွင့်လှစ်ပြီး အခြေခံပညာ ဦးစီးဌာနမှ ဆရာဆရာမများက စာစစ်မှူးနှင့် အခန်းစောင့်များအဖြစ် ဆောင်ရွက်ပေးမည် ဖြစ်သည်။

"အကြောင်း အမျိုးမျိုးကြောင့် အကျဉ်းကျခံနေရတဲ့ ကလေးတွေထဲက တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုဖို့ နိုင်ငံတော်က ချမှတ်ပေးတဲ့ မူဝါဒအပေါ် တိုက်ရိုက်တာဝန်ရှိသူ တစ်ယောက်အနေနဲ့ အကောင်းဆုံး ဆောင်ရွက်ပေးထားပါတယ်။ အောင်ချက် ရာခိုင်နှုန်းကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နေပါတယ်။ သူတို့ရဲ့ အောင်မြင်မှုအပေါ်မှာလည်း မိဘ အရင်းတစ်ယောက်လို ဝမ်းသာပီတိ ဖြစ်မိပါတယ်" ဟု မန္တလေးဗဟို အကျဉ်းထောင်မှ ထောင်ပိုင်ကြီး ဦးမျိုးဌေးကပြောသည်။

အေးမြ(မန္တလေး)