မန္တလေး ၇ မတ်
မြန်မာနိုင်ငံတွင် တပေါင်းလထဲဝင်ရောက်ချိန်တွင် ဆည်ရေသောက်စိုက်ပျိုးမြေများမှလွဲ၍ ကျန်စိုက်ပျိုးမြေများတွင် သီးနှံများ ရိတ်သိမ်းခြွလှေ သိမ်းဆည်းပြီးဖြစ်သော်လည်း မြစ်ရေဝင်မြေနုများအား တရုတ်နိုင်ငံသားများက အချိန် သတ်မှတ် ငှားရမ်းပြီး သီးနှံအမည်သစ်များ စိုက်ပျိုးလာခြင်းကြောင့် လက်လုပ်လက်စားလုပ်သားများ ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း တွေ့ရသည်။
တရုတ်နိုင်ငံသားများ လာရောက်စိုက်ပျိုးထုတ်လုပ်သည့် သီးနှံအမည်သစ်မှာ ပဲနို့ထုပ်လုပ်ရန် ပဲတစ်မျိုးဖြစ်ကြောင်း သိရသည်။ ပြာသိုတပို့တွဲလများတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုအခါတွင် စတင်သီးပွင့်နေပြီးဖြစ်သည် သီးနှံများကို မြေအောက် ရေရယူပြီး စိုက်ပျိုးခြင်း ဖြစ်သည်။ ထွန်ရေးထည်ရေးပြုလုပ်ပြီး ဓာတ်မြေသြဇာထည့်ကာ အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးကြခြင်း ဖြစ်သည်။ ရေဓာတ်ဆုံးရှုံးမှုနည်းစေရန်နှင့် အခြားသော ပေါင်းပင်များ ပေါက်ရောက်မှုနည်းပါးစေရန် အပင်ပေါက်သည့် နေရာမှလွဲ၍ ကျန်နေရာများတွင် ပလတ်စတစ်စများဖြင့် ဖုံးအုပ်ထားသည်။ မြေပိုင်ရှင်များမှာ တစ်ဧကလျှင် မြေငှားရမ်းခ သိန်းနှင့်ချီ၍ရသော်လည်း နောင်နှစ်တွင် ပြန်လည်စိုက်ပျိုးနိုင်ရန် ပလတ်စတစ်စများကို လူငှားရမ်းပြီး ပြန်လည်ဖယ်ရှားရသည်။ မြစ်ရေဝင်ရောက်၍ နှုန်းအနယ်အနှစ်များပို့ချသော မြေများတွင်သာ နှစ်စဉ်စိုက်ပျိုးနိုင်ပြီး နှုန်းအနယ်အနှစ် ပို့ချခြင်းမရှိသောမြေများတွင် ဓာတ်မြေသြဇာ အလွန်အကျူး ထည့်သွင်းစိုက်ပျိုးမှုကြောင့် နောက်သုံးလေးနှစ်ခန့်အထိ ပြန်လည်စိုက်ပျိုး၍ မရတော့ကြောင်း သိရသည်။
"အရင်က အခုလို တပေါင်းလမှာ လက်လုပ်လက်စားတွေအတွက် အလုပ်မရှိတော့ဘူး။ တရုတ်တွေ အခုလို လာရောက်စိုက်ကြတော့ အလုပ်အကိုင်တွေရပြီး သုံးဖို့စွဲဖို့ ရသေးတာပေါ့။ တရုတ်တွေကစိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကို ဂရုစိုက်တာကတော့ မြန်မာတွေထက် အများကြီးသာတယ်။ မြန်မာတွေက အလုပ်သမားခေါ်တဲ့အခါ ရေ၊ ရေနွေးကြမ်း မုန့်ပဲသရေစာ ကျွေးမွေးလေ့ရှိပေမယ့် တရုတ်စိုက်ခင်းတွေမှာတော့ ရေသောက်ဖို့တောင် အိမ်က သယ်လာရတယ်" ဟု နန်းတော်ကျွန်းရွာသူတစ်ဦးက ပြောသည်။
အေးမြ(မန္တလေး)


