ကလေး ၇ မတ်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ကလေးမြို့နှင့် အနီးတစ်ဝိုက်ရှိ အသက်(၁၈)နှစ်နှင့် (၃၀) နှစ်အောက် လူငယ်များအတွက် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများ၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေမည့် ဂျပန်စာနှင့် ဂျပန်စကားပြော သင်ကြားရေးအတွက် ဂျပန်ဘာသာ သင်တန်းကျောင်း (Japan Vocational Institute) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ကလေးခရိုင် ကလေးမြို့၊ မင်းကြီး ဟိုတယ်အနီး၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ JVI ဂျပန်ဘာသာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ဂျပန်ဘာသာသင်တန်းကျောင်းကို ကလေးမြို့နယ် အမှတ်(၁) စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၊ ကလေးခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချိုနှင့် JVI သင်တန်းကျောင်း တည်ထောင်သူ Pale Nadi Group CEO ဆရာဦးသန်းဝင်းအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီးနောက် တက်ရောက်ကြသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က သင်တန်းပို့ချနေမှုအား လိုက်လံကြည့်ရှုကြသည်။
“ကျွန်တော်တို့ ဒီသင်တန်းကို အဖွဲ့ခြောက်ဖွဲ့ခွဲပြီး အပတ်စဉ် အင်္ဂါနေ့ကနေ သောကြာနေ့အထိ တစ်နေ့ကို လေးသုတ်အဖြစ် တစ်နေ့သင်တန်းချိန် နှစ်နာရီသတ်မှတ်ထားပါတယ်။ စနေနေ့နဲ့ တနင်္ဂနွေနေ့မှာတော့ နှစ်သုတ်အဖြစ် တစ်နေ့သင်တန်းချိန် လေးနာရီနှုန်း သတ်မှတ်ပြီး သင်တန်းအချိန်ဇယား ဆွဲထားပါတယ်။ သင်တန်းအပြီးမှာ ဂျပန်အလုပ်အကိုင် အင်တာဗျူးဖြေဆိုရမယ်။ အဲဒီကနေ ရွေးချယ်ခံရရင် အောင်မြင်သူကို ပုလဲနဒီအေဂျင်စီက ကုန်ကျစရိတ်ကြိုတင်ကျခံပေးမယ်။ ဂျပန်နိုင်ငံကို အလုပ်သွားရောက် လုပ်ကိုင်ချင်ရင် အလုပ်လုပ်ရင်းနဲ့အရစ်ကျ ပြန်ပြီးပေးဆပ်ရမှာဖြစ်တယ်။ ဂျပန်မှာတော့ သက်ကြီးစောင့်ရှောက်ရေးလုပ်ငန်း၊ စက်ရုံ၊ ဟိုတယ်၊ ဆောက်လုပ်ရေး စတဲ့အပြင် တခြားအလုပ်အကိုင် အခွင့်အလမ်းတွေ စုစုပေါင်း ၁၄ မျိုးလောက်ရှိပါတယ်”ဟု JVI သင်တန်းကျောင်း တည်ထောင်သူ Pale Nadi Group CEO ဆရာဦးသန်းဝင်းအောင်က ရှင်းလင်းပြောကြားသည်။
အဆိုပါဂျပန်ဘာသာ သင်တန်းကျောင်းတွင် ဆရာ ဆရာမနှစ်ဦးတို့မှ တာဝန်ယူသင်ကြားပေးလျက်ရှိပြီး တစ်ဖွဲ့လျှင် ၅၂ ဦးဖြင့် ခြောက်ဖွဲ့ခွဲကာ သင်တန်းသား/ သင်တန်းသူ ၃၁၂ ဦးတို့ကို ရက်အလိုက် အချိန်ဇယားရေးဆွဲ၍ အလှည့်ကျ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကြေးအဖြစ် တစ်လလျှင် N4 သင်တန်းအား ငွေကျပ် ၃၀ဝ၀ဝ ဖြင့် လေးလကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး ယင်းပထမလေးလ အောင်မြင်ပြီးပါက ဒုတိယလေးလ N5 ဆက်လက် တက်ရောက်သင်ကြားရမည်ဖြစ်ရာ စုစုပေါင်း ရှစ်လကြာ သင်တန်းအတွက် သင်တန်းကြေးငွေကျပ် ၂၄၀ဝ၀ဝ ကုန်ကျမည်ဖြစ်ကြောင်း၊ ဂျပန်ဘာသာစကားနှင့် ဂျပန်စာ N5 နှင့် N4 အခြေခံရှစ်လ အောင်မြင်ပြီးသူများကို သက်ဆိုင်ရာ အလုပ်အကိုင်ရှာဖွေရေး ဂျပန်ကုမ္ပဏီနှင့် ချိတ်ဆက်၍ အင်တာဗျူး ဖြေဆိုကာ မိမိ၏ ကျွမ်းကျင်မှုနှင့် အရည်အချင်းအပေါ် မူတည်၍ အလုပ်အကိုင် အခွင့်အလမ်း ရရှိသွားမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း JVI သင်တန်းကျောင်းကို မုံရွာ၊ ဆားလင်းကြီး၊ တမူးနှင့် ကလေးမြို့၌ ဖွင့်လှစ်ထားရှိပြီး ယခုလကုန်ပိုင်းတွင် ယင်းမာပင်မြို့၌ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကလေးမြို့ JVI သင်တန်းကျောင်းမှ သိရသည်။
ကလောင်- ချင်းတွင်းသား


