တိုက်ကြီး ၇ မတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ပန်းပင်တန်းကျေးရွာအုပ်စုရှိ ကမ္ဘာငြိမ်းမြစိမ်းတောင်ညို ဘုရားပွဲတော်ကို မတ် ၆ ရက်မှ ၈ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ဘုရားပွဲတော်သို့ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

မြစိမ်းတောင်ညိုဘုရားပွဲတော် စတင်ကျင်းပသည့်ရက်မှစ၍ ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများက ကားများ၊ ဆိုင်ကယ်များ၊ လှည်းတန်းများဖြင့် လာရောက်ကြပြီး နေ့ချင်းပြန်၍လည်းကောင်း၊ ညအိပ်ညနေ၍လည်းကောင်း အဆိုပါကမ္ဘာငြိမ်းမြစိမ်းတောင်ညိုပေါ်ရှိ အထင်ကရနေရာများ၊ တန်ခိုးကြီးဘုရားများဖြစ်ကြသည့် ဓမ္မမတ္တောရှင် ဦးဓမ္မိက ရုပ်ကလပ်တော်၊ ရှင်ဥူးဘဂုတ်၊ ဖားဘုရား၊ မိကျောင်းဘုရား၊ ငါးဘုရား၊ ကျွဲပုန်းတောင်၊ မြစိမ်းတောင်၊ ဘိုးဘိုးကြီးသိုက်နန်း စသည့် အထင်ကရနေရာများသို့ သွားရောက်ဖူးမြော်ခဲ့ကြသည်။

 

ဘုရားပွဲတော် စတင်ကျင်းပသည့်နေ့မှစ၍ ပွဲစျေးအတွင်း မြန်မာ့ရိုးရာ မုန့်မျိုးစုံအပြင် ထမင်းဟင်း၊ အဝတ်အထည်များနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ၊ သစ်သီးဝလံများကိုလည်း စျေးနှုန်းချိုသာစွာဖြင့် ရောင်းချလျက်ရှိသည်။

 

ဘုရားပွဲတော်သို့ ပန်းပင်တန်း ၊သဲဖြူ၊ စပါးကြီးအိုင်၊ ဖရေဖြို၊ တောင်မြောင်လေး၊ ကောက်ကွေးတန်း၊ ကုလားကုန်း၊ လွှစာအင်း၊ ပန်းပင်တန်း၊ ကျွန်းတောကုန်း၊ ဥယျာဉ်ကြီး စသည့် ကျေးရွာများနှင့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)