မောင်လွမ်းရည် (ရွှေတောင်)
မြန်မာပြက္ခဒိန် တစ်ဆယ့်နှစ်လရှိရာတွင် တပေါင်းလသည် တစ်ဆယ့်နှစ်လမြောက်ဖြစ်၍ ထူးခြားသည်ဟု ဆိုနိုင်ပါသည်။ အနည်းငယ်ပူပြင်းသည်ကလွဲပြီး တောတောင် ရေမြေ သဘာဝမှာ အလှဆုံးဖြစ်ပါသည်။ မြတ်ဗုဒ္ဓသည်ပင် တပေါင်းလတွင် စိမ်းဝါရောင်ရွက်နုကလေးများဖြင့် ဝေဆာသစ်လွင်သော တောအုပ်ကလေး၏ အလှကို ချီးမွမ်းခဲ့ပါသည်။ ရွက်ဟောင်းများခြွေထားသဖြင့် ပုရစ်ဖူးကလေးများနှင့် တစ်ပင်ပျံကူး၊ ခေါ်ထူးပျော်ရွှင် နေကြသော ကျေးငှက်သာရကာလေးများ၏ သဘာဝအလှမှာလည်း ဆွတ်ပျံ့ကြည်နူးဖွယ် ကောင်းပါဘိ။
တပေါင်းဟူသောအမည်ကို ပုဂံခေတ်က “တပေါင် လ” ဟူ၍ ရှေ့စီးမပါဘဲရေးခဲ့ကြသည်။ “ပူပြင်းခြင်း” အနက်ကိုဟောရာ “တ”ဟူသည့် ပါဠိဝေါဟာရမှ ဆင်းသက်လာပြီး “တပ”မှ တပေါင်းဖြစ်လာသည်ဟု ဆိုကြသည်။ အချို့ကလည်း ထန်းလုပ်ငန်းကိုအစွဲပြု၍ “ထန်းပေါင်းလ”ဟု ဆိုကြသည်။ မည်သို့သော အမည် နာမကို ပေးထားစေကာမူ“ဆော်သက်သေ၊ ရော်ရွက် ကြွေ မြေပေါ်ခပါတဲ့၊ နွေလမပြောင်း၊ ပြာနုငယ်ကြည်၊ ကာဠုထေရ်ဂါထာစီတဲ့၊ ရာသီမိန်ချိန်သမယမှာ လွမ်းလှ တပေါင်း"ဟူသော စာချိုးလေးနှင့်အညီ ရွက်ဟောင်းမြေ့၍ ရွက်သစ်ဝေသော လွမ်းမောဖွယ်ကောင်းသည့် လတစ်လ အဖြစ်ကား လူတိုင်းကပင် မှတ်မိနားလည်ကြပြီး ဖြစ်ပါ သည်။
တပေါင်းလရာသီမှာ မိန်ရာသီဖြစ်ပါသည်။ ဥတ္တရ ဘရဂုဏ္ဏနက္ခတ်သည် လမင်းသော်တာနှင့် ယှဉ်ပြိုင်ပြီး ထွက်ပေါ်လာသည်။ရာသီပန်းကား သရဖီပန်းဖြစ်ပါသည်။ ရှေးစာဆိုတစ်ဦးကလည်း“မိန်တပေါင်းညှာညောင်းလို့ ရွက်ကြွေ၊ ပြုဗ္ဗာဘရဂုဏ္ဏနှင့် ရာသီမှာ ရွှေဖီဆန်းတယ်။ ပန်းမြဝတ်ရွှေ။ ငါးကြင်းရုပ်ကိုဖြင့်၊ သွင်းလုပ်ကာပွေလီ လို့ဝေစီစီစေတီပွဲမှာ နွှဲကြတဲ့ကျက်သရေ၊ မေ့ချေဘူးနေ့ တိုင်း "ဟူ၍စပ်ဆိုပြီး တပေါင်းလ၏ ရာသီအခါ၊ ရရာသီရုပ်၊ စန်းယှဉ်နက္ခတ်၊ ရာသီပန်းနှင့် ရာသီပွဲများကို မှတ်တမ်း တင်ခဲ့ပါသည်။
တပေါင်းလသည် နက္ခတ်ဗေဒင်သဘောအရ ထူးခြား လှသကဲ့သို့ သဘာဝအလှနှင့် လောကအလှတို့တွင်လည်း တစ်မူထူးခြားနေပါသည်။ မိန်ရာသီတပေါင်းမို့ ညှာညောင်းတွေကြွေပြီ ပုရစ်ကယ်ရွှေ့ဥပင်တိုင်း စုနေ သည့်အချိန်တွင် တောင်ပြန်လေအေးက တိုက်ခတ်ဆော် သွေးလာပြန်သဖြင့် ဆွေးဓာတ်ခံရှိသူတို့အဖို့သည်းကြွေ |လူမျှခံစားကြရသည့်အချိန်ပင် မဟုတ်ပါလော။
သဘာဝအလှတင်သာမကဘာသာရေးအလှ၊ လူမှုရေးအလှဘက်တွင်လည်း တပေါင်းလသည် ကျော၍သာ မြဲဖြစ်ပါသည်။ မြတ်ဗုဒ္ဓသည် ကာဠုဒါယီမထေရ်၏ ပင့်လျှောက်ချက်အရ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးရှိရာ ကပိလဝတ်ပြည်သို့ နောက်ပါသံဃာငါးရာနှင့်အတူ ကြွရောက်တော်မူခဲ့သည်မှာလည်း ဤတပေါင်းလတွင် ပင်ဖြစ်ပါသည်။ ထို့အတူ တပေါင်းလသည် တောလက် ကျေးရွာနေ တောင်သူလယ်သမားတို့၏ လုပ်ငန်းသိမ်းချိန်၊ စပါးပေါ်ချိန်၊ လက်မှာရွှင်ချိန်ဖြစ်၍ ကျေးလက်ဒေသတွင် ဆိုင်းသံ၊ ဗုံသံ တညံညံနှင့် လှူကြတန်းကြပျော်ရွှင် ကြသော အချိန်အခါသမယလည်း ဖြစ်ပါသည်။
တပေါင်းလသည် မြန်မာ့သမိုင်းနှင့်ဆက်စပ်ပြီးကြည့်လျှင် ထင်ရှားသောမှတ်တိုင်တစ်ခုဟု ဆိုနိုင်ပါသည်။ မြန်မာ့မြေပေါ်သို့ မတရားကျူးကျော်လာသည့် ဖက်ဆစ် တို့ကို မြန်မာတစ်မျိုးသားလုံးက ခေါင်းငုံ့မခံ၊ တော်လှန်ခဲ့ သည်မှာလည်း ဤလတွင်ပင်ဖြစ်ပါသည်။ တပေါင်းလသည် ဥတုသုံးလီတွင် ဂိမှာန်ရာသီနွေရာသီတွင်ပါဝင်ပြီး မြေပင် တစ်ခုလုံး ခြောက်သွေ့ကာ ခြေခင်းလက်ခင်းသာသောလ ဖြစ်သည်နှင့်အညီ ယာဉ်ကြီးယာဉ်ငယ် အသွယ်သွယ်တို့ ဖြင့် ကူးသန်းရောင်းဝယ်သူများက ကူးသန်းသွားလာကြ သလို လူမှုရေးအားဖြင့် မြန်မာပြည်အနှံ့ ခြေဆန့်ကာ ဘုရားစုံဖူးနိုင်ကြသည့် ရာသီအခါဖြစ်၍ တပေါင်းလသည် လူတိုင်းလူတိုင်း၏မျက်နှာ၌ အားရတက်ကြွ၊ ဝမ်းမြောက်ပျော်ရွှင်မှုရသများယှက်သန်းလျက်လွတ်လပ်မှုကို ဝေမျှ ခံစားစေသောလလည်း ဖြစ်ပါသည်။
ဆောင်းကုန်နွေပေါက်၍ မြေခွက်သောကာလဖြစ် သဖြင့် မြန်မာပြည်အနှံ့တွင် ဆိုင်းသံ၊ ဗုံသံများနှင့်အတူဘုရား ပွဲတော်များနှင့် စည်ကားလာတတ်သည်မှာလည်း တပေါင်းလ၏ ထူးခြားမှုတစ်ခုဖြစ်ပါသည်။ ဘာသာရေး ကိုအခြေခံ ၍ ကျင်းပသော ပျော်ပွဲရွှင်ပွဲများတွင် တပေါင်းပွဲတော်သည် အစည်ကားဆုံးဖြစ်သည်။ များစွာသော စေတီ ပုထိုးတို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဘုရားပွဲတော်များသည် တပေါင်း လတွင် အများဆုံးကျင်းပကြ သည်မှာလည်း ထူးခြားချက် တစ်ရပ်ဖြစ်ပါသည်။ ထိုသို့သောတပေါင်းလဘုရားပွဲများတွင် သဲပုံစေတီတော်သည် တစ်မူထူးခြားလှပါသည်။
“ရာသီမိန်ငယ် ဂိမှာန်ရက်ပြောင်း၊ လတပေါင်းမြို့၊ ရွက် ဟောင်းကြွေကာ၊ ဥတ္တရာနှင့်၊ ကြယ်မှာဘဒြပိုဒ်၊ လေးချက် ချိန်ကို၊ တိမ်ချေစိုက်လို့၊ စရိုက်ကယ်ဖွေရှာ၊ ကိုတံငါလည်း၊သာဒေါင်ဒင်၊ ပျော်မြူးသာရွှင်တော့တယ်၊ သဘင်လှ ခါမီကို၊ သဲစေတီငွေသောင်ကမ်းက၊ လွမ်းလှတယ်လေး" ဟူသော မဟာအတုလမင်းကြီးဖွဲ့ဆိုသော တပေါင်းလဖွဲ့ စာပန်းချီနှင့်အညီ မိန်ရာသီလတပေါင်း၏ ရာသီပွဲတော်ဖြစ်သည့် သဲပုံစေတီပွဲတော်ကို နှစ်စဉ်တပေါင်း လရောက်လာ တိုင်း ကျင်းပမြဲဖြစ်ကြောင်း သိရှိနိုင်ပါသည်။
သဲပုံစေတီတည်ထားပုံနှင့် ပွဲသဘင်ကျင်းပပုံတို့မှာ ထူးခြားလှသည်။ ပထမဦးစွာ စည်မျက်နှာကဲ့သို့ ညီညာ သန့်ရှင်းသော မြစ်ကမ်းနံဘေး၊ သဲသောင်ပြင်တစ်နေရာ ကို ရှာရသည်။ အချို့ကလည်း နှစ်စဉ်ကျင်းပမြဲနေရာတွင် မြေပြင်ကိုရှင်းလင်းပြီး ကျင်းပကြသည်။
ထိုသဲသောင်ပြင်ပေါ်တွင် သဲဖြူလွလွ၊ ငွေရောင် တောက်နေသော သဲများကို လူငယ်လူပျို၊ လုံမပျိုလေးများ ကသယ်ယူကာ သဲစေတီတည်မည့် သောင်ခုံပေါ်၌ စုပုံထားရသည်။ သဲများအလုံအလောက်ရပြီးသောအခါ စနစ် တကျ သန့်ရှင်းညီညာစွာသပ်ပြီး ရစ်ခွေထားသည့် ဝါးခွေကြီးများကို တစ်ဆင့်ပြီးတစ်ဆင့်တင်ကာ သဲများကို လောင်းထည့်ရသည်။ စေတီတော်ပုံစံအတိုင်းဖောင်းရစ်များဖြင့်အထက် ငှက်ပျောဖူးတိုင်အောင် ဝါးခွေများခံပြီး သဲများကို ထည့်ရသည်။ ဤသို့ သပ်ရပ်ညီစွာဖြင့် စေတီတော်တစ်ဆူ ပုံသဏ္ဌာန်ပေါ်လာသောအခါစက္ကူထူဖြင့် ထီးတော်ပြုလုပ် ၍ ထိပ်တွင်ပန်းတိုင်ထိုးကာ တင်လှူကြပါသည်။
ထီးတော်တင်အခမ်းအနားမှာ စည်ကားလှပါသည်။ လူငယ်လူရွယ်ကလေးများကလည်း အိုးစည်ဒိုးပတ်မြိုင် မြိုင်နှင့် အားပေးကြသည်။ သဲသယ်သူ၊ ရေခပ်သူ၊ လုပ်အား ဒါနပြုသူတို့အား မဏ္ဍပ်ထိုးကာ ထမင်း၊ မုန့်၊ အချိုရည် များဖြင့် ဧည့်ခံကျွေးမွေးကြပါသည်။
သဲပုံစေတီကို နေ့ချင်းပြီးတည်ထားလုပ်ဆောင်ကြရသည်။ များသောအားဖြင့် တပေါင်းလပြည့်နေ့ သို့မဟုတ် အဖိတ်နေ့တို့တွင် ပြုလုပ်လေ့ရှိပါသည်။ အချို့မှာ အဆင်ပြေရာနေ့တွင် ပြုလုပ်ကြသည်။ အဆင်ပြေဆုံးကမူ အဖိတ် နေ့ ဖြစ်ပါသည်။ အဖိတ်နေ့တွင် အပြီးသတ်တည်ထားသော သဲပုံစေတီတော်ကို နောက်တစ်နေ့ တပေါင်းလပြည့် နေ့တွင် အနေကဇာတင်ခြင်း၊ စေတီတော်အားပန်း၊ ရေချမ်း၊ဆွမ်း၊ ဆီမီးကပ်လှူခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ တပေါင်း လပြည့်နေ့သည် ပွဲတော်နေ့ဖြစ်၍ လူသွားလူလာများသော ကြောင့် အထူးစည်ကားလှပါသည်။
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် သံဃာတော် များကြွရောက်၍ စေတီတော်အား အနေကဇာတင်ကြ သည်။ စေတီတော်အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများကို ကပ်လှူကာ သံဃာတော်တို့အား ဆွမ်းကပ်လှူကြ ပါသည်။ သံဃာတော်များ ဆွမ်းဘုဉ်းပေးပြီးသောအခါ ဧည့်ပရိသတ်တို့အား ဧည့်ခံကျွေးမွေးခြင်းဖြင့် သဲပုံစေတီ ပွဲကို အဆုံးသတ်လေ့ရှိပါသည်။
ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော မြန်မာတို့သည် နှစ်စဉ် သရဖီနှင့် ပိတောက်ပန်းတို့ပွင့်သော တပေါင်းလ တွင် သဲပုံစေတီပွဲကို မြို့ရွာအနှံ့၌ ကျင်းပပြုလုပ်လေ့ရှိကြောင်းကို ကင်းဝန်မင်းကြီးက “တပေါင်းခါချိန်၊ ရာသီမိန်၊ တောက်ထိန်မဏ၊ သရဖီဖူးဆဲ၊ ပိတောက်ပွဲ၊ သဲပုံစေတီ ပ” ဟူ၍ တစ်မျိုး ဖိုးဝဇီရက “သဲစေတီသောင် ငွေစပ်မှာတော့၊ ခဲ ညီမောင်မေမငယ်တို့၊ အောင်စေပတည်တဲ့ခါ။ ဒွါဒရတွင် ဖြင့် ဟာသဉာဏ်စာဆိုတတ်တွေက၊ သာလမှန်ခါကို မှတ် ပါလို့၊ ရေးစပ်ကြရှာ” ဟူ၍ တစ်ဖုံစာရေးတော်ကြီး ဦးမောင်လေးကလည်း သူ၏ တေးထပ်တစ်ပုဒ်ကို “ မရဲပကြေကွဲကြုံအောင်၊ ငွေသဲ စိန်ခုံစေတီဆင့်လို့၊ ဘရဂုဏ္ဍီပွင့်ယုန်နှင့် ချိန်တာရာ၊ မိန်ဦး သာတင့်စွာ၊ ကောကနုဒကြောက်ဖွယ်ငယ်၊ ခြောက် ဆယ်ဂါထာစီကုံးပေးရသေး” ဟူ၍ တစ်သီး အနည်းနည်း အဖုံဖုံမှတ်တမ်းတင်ရေးဖွဲ့ခဲ့ပါသည်။
စင်စစ်ဆိုရလျှင် တပေါင်းပွဲတော်သည် ရှေးစာပေ လင်္ကာများတွင် မှတ်တမ်းတင်ခဲ့သော သဲပုံစေတီပွဲတစ်ခု သာ မဟုတ်တော့ချေ။ မြန်မာပြည်အနှံ့ရှိ ဘုရားပုထိုးများ စွာ၏ ဗုဒ္ဓပူဇနိယပူဇော်ပွဲကြီးသည်လည်း ထင်ရှားလှပါ သည်။ တပေါင်းသာခေါင်လများနောင်ဟု ဆိုထားသည့် အတိုင်း သာယာကြည်နူးဖွယ်ကောင်းလှသောလတပေါင်း ၏ လပြည့်ဝန်းကြီးအောက်တွင် များစွာသောစေတီပုထိုးများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကို တစ်ပြိုင်တည်း၊ တစ်ချိန် တည်းကျင်းပကြသည်မှာ တပေါင်းလ၏ ထူးခြားချက်ပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏အကြီးကျယ်ဆုံး အထင်ရှားဆုံးသော ရွှေတိဂုံစေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးမှာ ဤတပေါင်းလပြည့်နေ့တွင်ပင် ဖြစ်ပါသည်။ ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးနှင့် တွဲဖက်၍ ဆွမ်းကြီးလောင်းပွဲ၊ ပဋ္ဌာန်း ရွတ်ပွဲ စသည်တို့ကိုပါ ကျင်းပခဲ့ကြသည်။
အထူးသဖြင့် တပေါင်းလတွင် ကျင်းပမြဲဖြစ်သော ပွဲတော်များသည် ဘာသာရေးပွဲတော်များဖြစ်သော်လည်း မြန်မာပြည်အနှံ့က ထွက်ကုန်များ၊ ကုမ္ပဏီစတိုးဆိုင်ကြီး များမှ ခေတ်မီလူသုံးပစ္စည်းများကို ဈေးဆိုင်တန်းကြီးများ ထိုး၍ ရောင်းချလေ့ရှိရာ ထိုပွဲတော်များသည် ကုန်မျိုးစုံ ရောင်းချရာ၊ ကုန်ပစ္စည်းများကြော်ငြာရာ၊ နိုင်ငံအထက် အောက် ကုန်စည်များဖလှယ်ရာ ဈေးပွဲတော်များအဖြစ် လည်း မှတ်ယူနိုင်ပါသည်။ ထို့ကြောင့် လတကာတို့ နောင်တော်၊ သာယာမှုအပေါင်းတို့၏ ထိပ်ခေါင်ဖြစ်သော တပေါင်းလသည် မြန်မာတို့အတွက် ဒါန၊ သီလ စသည့် တမလွန်သံသရာ ရိက္ခာများကို ပေးနေသလို ပစ္စုပ္ပန်မျက် မှောက်ဘဝအတွက်လည်း စီးပွားရေး၊ လူမှုရေးဆိုင်ရာ အသီးအပွင့်များကို ကြဲချဖြန့်ဝေပေးနေသည်မှာ အမှန်ပင် ဖြစ်ပါတော့သည်။