မင်းဘူး  ၈ မတ်

နွေဦးရာသီကာလများမှစ၍ မင်းဘူးခရိုင် ရွှေစက်တော်ဘေးမဲ့တောဧရိယာထဲမှ ရွှေသမင်များကျက်စားရာ နေရာများအနီးရှိ ရေကန်သုံးကန်ကို ရေဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရုံးမှ သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ဘေးမဲ့တောရုံး၏ အရှေ့မြောက်ဘက် ရေပြာကန်၊ သပိတ်ဆေးကန်၊ တမာပင် မုဆိုးကန်များတွင် မတ် ၅ ရက်မှစ၍ ၈ ရက်အထိ ရေဖြည့်တင်းမှုများ လုပ်ဆောင်နေခြင်းဖြစ်ပြီး ဂါလန် (၁၆၀၀) ဆံ့သည့် တပ်မတော်ဘောက်ဆာယာဉ်ဖြင့် ၁၄ ခေါက်၊ ဘေးမဲ့တောရုံးဌာနပိုင် ကားဖြင့် ၉ ခေါက် စုစုပေါင်း ၂၄ ခေါက် ရေဖြည့်တင်းနိုင်ခဲ့ကြောင်း ဘေးမဲ့တောရုံး ဦးစီးအရာရှိ ဦးသိန်းလွင်ထံမှ သိရသည်။

“ကောက်ယူထားတဲ့စာရင်းအရ ရွှေသမင်ကောင်ရေ ၁၅၀၀ ဝန်းကျင်ရှိပါတယ်။ အဲဒီထဲက ကောင်ရေ ၅၀၀ လောက်က အခုရေဖြည့်တဲ့ ကန်တွေအနီးမှာ ကျက်စားတာပါ။ သမင်လေးတွေ သောက်ရေမပြတ်ရအောင် ရေဖြည့်ပေးတာကို အပတ်စဉ် ဆောင်ရွက်သွားမှာပါ” ဟု ဦးစီးအရာရှိ ဦးသိန်းလွင်က ပြောသည်။ 

ယမန်နှစ်ကလည်း သမင်သောက်ရေကန်များကို ငွေကျပ် ၁၀ သိန်းဖိုးခန့် ရေဖြည့်တင်းမှုလုပ်ဆောင်ခဲ့ပြီး ယမန်နှစ် လက်ကျန်ငွေကျပ် သိန်း ၂၀ ဖြင့် ယခုနှစ်တွင် ဆက်လက်လုပ်ဆောင်နေဖြင်းဖြစ်ကြောင်း၊ ရေကားအကူညီကို အခမဲ့ရရှိပြီး ဆီဖိုးအတွက် တစ်စီးလျှင် တစ်သောင်းကျပ် စိုက်ထုတ်သုံးစွဲရကြောင်း သိရသည်။ 

ရွှေစက်တော်ဘေးမဲ့တောတွင် မိုးရေစုရေကန် ၉ ကန်ရှိပြီး ရေကားဝင်ထွက်၍ရသည့် ရေကန်များကိုသာ မုန်းချောင်းအတွင်းမှရေကိုသယ်၍ ဖြည့်ပေးနေခြင်းဖြစ်ကြောင်း ဘေးမဲ့တောရုံးမှ သိရသည်။ 

ဇေယျတု(မကွေး)