သထုံ ၈ မတ်
၂၀၂၀ ပြည့်နှစ်၊ တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် (၇၁)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ နံနက်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၌ ကျင်းပခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရောက်ရှိလာသူများက နိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတော်တို့အား အလေးပြုကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သည့် (၇၁)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ ဂုဏ်ပြုသဝဏ်လွှာကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းစံဝင့်ခိုင်က ဖတ်ကြားကာ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ထံမှပေးပို့သည့် သဝဏ်လွှာကို တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးဟန်က ဖတ်ကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပအိုဝ်းအမျိုးသားနေ့တွင် စာပေယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် အမျိုးသားရေး စရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်သည့် အစဉ်အလာကောင်းများကို တွေ့မြင်ရသဖြင့် ဝမ်းမြောက်မိပါကြောင်း၊ ယနေ့အချိန်အခါကာလသည် တိုင်းရင်းသားများအားလုံး လိုလားတောင့်တနေကြသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းနေသည့် အချိန်ကာလဖြစ်ပါကြောင်း၊ လွတ်လပ်ရေးကို အတူတကွ ရရှိခဲ့သော်လည်း စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို မတည်ဆောက်နိုင်ခဲ့သောကြောင့် တိုင်းရင်းသားအချင်းချင်း သံသယစိတ်ဖြင့် ပဋိပက္ခများ နှစ်ရှည်ကြာဖြစ်ပေါ်ခဲ့ပြီး မိမိတို့နိုင်ငံမှာ အဖက်ဖက်မှ နိမ့်ကျခဲ့ပါကြောင်း၊ ၂၁ ရာစု ပင်လုံညီလာခံကျင်းပနေခြင်းသည် တိုင်းရင်းသားအားလုံး လိုလားနေသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ပြီး ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရန် ဖြစ်ပါကြောင်း၊ ပအိုဝ်းလူမျိုးများသည် ပဋိပက္ခများနှင့် ဝေးရာရှောင်ရှားပြီး တောင်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် ရိုးသားစွာ နေထိုင်အသက်မွေးသူများ ဖြစ်ပါကြောင်း၊ ပအိုဝ်းဒေသ စိုက်ပျိုးရေးထုတ်ကုန်များသည် ပြည်တွင်းစားသုံးမှုအတွက် များစွာအထောက်အကူ ဖြစ်နေပါကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာတွေမှာ ကြေးစည်သံတွေ ဝေစည်နေသလို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို လျှောက်လမ်းရာ ခရီးလမ်းမပေါ်မှာလည်း ငြိမ်းချမ်းရေးတေးသံများ ယခုထက်မက ဝေစည်လာစေဖို့ ပအိုဝ်းတိုင်းရင်းသားများအားလုံးကလည်း ဆက်လက်ပါဝင် ကြိုးပမ်းကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပအိုဝ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို ကျင်းပရေးကော်မတီဝင်တစ်ဦးက ရှင်းလင်းဖတ်ကြားပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီထံမှ ပေးပို့သည့်သဝဏ်လွှာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ပေးပို့သည့် သဝဏ်လွှာ၊ ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ပေးပို့သော သဝဏ်လွှာတို့ကို တာဝန်ရှိသူတို့က ဖတ်ကြားပေးခဲ့သည်။

အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့မှ တာဝန်ရှိသူများ၊ မွန်၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်ဦး(သထုံ)