နေပြည်တော် ၈ မတ် 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် မတ် ၆ ရက် ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ဖောင်ဆိပ်ကျေးရွာအနီး ဟင်္သာတကမ်းနားတာ ကမ်းပြိုကမ်းစားမှုမှ ကာကွယ်ရန် မြစ်ကမ်းကာကွယ်ခြင်း လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် ဟင်္သာတကမ်းနားတာ တာမိုင် ၄ မိုင်/ ၃ ဖာလုံမှ ၅ မိုင်/ ၂ ဖာလုံအတွင်း ကမ်းပြိုကမ်းစားမှုမှ ကာကွယ်ရန် မြစ်ကမ်းကာကွယ်ခြင်းနှင့် ဖြတ်တာတည်ဆောက်ရေး လုပ်ငန်းခွင်၊ တာမိုင် ၀ မိုင်မှ ၄ ဖာလုံအတွင်း တာပုံစံကျ ပြုပြင်ခြင်းနှင့် အိပ်ပျက်တာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဧရာဝတီမြစ်အတွင်း မြစ်ကြောင်းပြောင်းလဲမှုကြောင့် ကမ်းပြိုစားဖြစ်ပေါ်နေခြင်းကို ပြုပြင်ဆောင်ရွက်ရန်အတွက် မြစ်ကမ်းကာကွယ်ရေးလုပ်ငန်းများ၊ တာအိတာလျှော ကာကွယ်ရေးလုပ်ငန်းများအား အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိပြီး ကမ်းပြိုမှု အနည်းဆုံးဖြစ်အောင် စီမံချက်များရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။

ဧရာဝတီမြစ်ကြောင်းအတွင်း ရေစီးကြောင်း ဦးတည်တိုက်စားနေသည့်  ဟင်္သာတကမ်းနားတာ တာမိုင် ၄ မိုင်/ ၃ ဖာလုံမှ ၅ မိုင်/ ၂ ဖာလုံအတွင်းနှင့် တာမိုင် ၀ မိုင်မှ ၄ ဖာလုံအတွင်း ထိခိုက်ပျက်စီးမှုများ ကာကွယ်ရေး လုပ်ငန်းစဉ်အရ မြစ်ကမ်းကာကွယ်ခြင်းနှင့် ဖြတ်တာတည်ဆောက်ရေးလုပ်ငန်းများ၊ တာပုံစံကျ ပြုပြင်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ တာမိုင် ၄ မိုင်/ ၃ ဖာလုံမှ ၅ မိုင်/ ၂ ဖာလုံအတွင်း မြစ်ကမ်းကာကွယ်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းနှင့် ဖြတ်တာတည်ဆောက်ခြင်းလုပ်ငန်း ၁၄ ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးကာ အဆိုပါလုပ်ငန်းများကို မိုးရာသီမတိုင်မီ အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်သည်။ 

ဒုတိယဝန်ကြီး ဦးလှကျော်သည် မတ် ၇ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ် မရမ်းချောင်း ကျေးရွာ ဟင်္သာတဘက်ကမ်းတာ တာမိုင် ၄၆ မိုင်/ ၂ ဖာလုံမှ ၄၆ မိုင်/ ၄ ဖာလုံအတွင်း မြစ်ကမ်းပြိုကျမှုကို ဖြတ်တာတည်ဆောက်မည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး ရေဘေးအန္တရာယ်ကျရောက်မှုမှ ကာကွယ်ပေးနိုင်ရေးအတွက် လိုအပ်သည့် တာတမံပြုပြင်မှုများနှင့် ကမ်းပါးပြိုမှုမှ ကာကွယ်နိုင်ရေးအတွက် ဖြတ်တာတည်ဆောက်ရေးလုပ်ငန်းကို မိုးရာသီမတိုင်မီ အပြီးသပ်ဆောင်ရွက်နိုင်ရေးနှင့် ရေရှည်ထိန်းသိမ်း ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ဆွေးနွေးမှာကြားသည်။ 

မြစ်ရေတိုက်စားမှုကြောင့် ဟင်္သာတခရိုင်အတွင်း မြစ်ကမ်းပြိုမှု ဖြစ်ပွားသည့် နေရာများ၏ အနောက်ဘက်မှ ဖြတ်တာတည်ဆောက်ရေးလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း၍ မိုးရာသီကာလမတိုင်မီ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်